လမင်းဟာ ကမ္ဘာနဲ့အနီးဆုံး နေရာကိုရောက်တဲ့အချိန်နဲ့ လပြည့်နေ့ တိုက်ဆိုင်နေတဲ့ ဖြစ်စဥ်ကို စူပါမွန်းလို့ ခေါ်ဝေါ်ကြပါတယ်။

အင်္ဂါနေ့ (ဧပြီ ၇ ရက်) လပြည့်ညကနေ ယနေ့ (ဧပြီ ၈ ရက်) မနက်အစောပိုင်းအထိ ကမ္ဘာတစ်ဝှမ်းကနေ မြင်တွေ့ခဲ့ရတဲ့ လမင်းကြီးဟာ ပုံမှန်ထက် ပိုကြီးပြီး လင်းနေခဲ့ပါတယ်။

(Photo: Rueters)

မြန်မာသက္ကရာဇ် တန်ခူးလပြည့်ည (ဧပြီလရဲ့ လပြည့်ည) မှာ မြင်တွေ့ခဲ့ရတဲ့ လမင်းကြီးကို စူပါမွန်း (supermoon) လို့ ခေါ်ဆိုကြပါတယ်။ ယမန်နေ့ညက မြင်တွေ့ခဲ့ကြရတဲ့ စူပါမွန်းဟာ ၂၀၂၀ ခုနှစ်အတွက် အကြီးမားဆုံးနဲ့ အလင်းလက်ဆုံး ဖြစ်လိမ့်မယ်လို့ သိရပါတယ်။



၂၀၁၉ ခုနှစ်ရဲ့ အကြီးမားဆုံး စူပါမွန်းကိုတော့ ထိုနှစ် ဖေဖေါ်ဝါရီ ၁၉ ရက် လပြည့်ညမှာ မြင်တွေ့ခဲ့ရပါတယ်။ လမင်းဟာ ကမ္ဘာကိုပတ်နေတဲ့ ၎င်းရဲ့ပတ်လမ်းတစ်လျှောက် ကမ္ဘာနဲ့အနီးဆုံး နေရာကိုရောက်တဲ့အချိန်နဲ့ လပြည့်ချိန် တိုက်ဆိုင်နေတဲ့ ဖြစ်စဥ်ကို စူပါမွန်းလို့ သတ်မှတ်ခေါ်ဝေါ်ကြတာ ဖြစ်ပါတယ်။

(Photo: AP)

ယမန်နေ့ညမှာ မြင်တွေ့ကြရတဲ့ လမင်းကြီးဟာ ကမ္ဘာနဲ့ အနီးဆုံးဆုံးအဖြစ် ၂၂၁,၅၂၄ မိုင် အကွာအဝေးကို ရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။ ထိုအချိန်မှာ လမင်းရဲ့ အရွယ်အစားဟာ ၁၄ ရာခိုင်နှုန်း ပိုကြီးနေပြီး ၃၀ ရာခိုင်နှုန်း ပိုလင်းနေတာကို မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

ဧပြီလရဲ့ လပြည့်ညမှာတွေ့ရတဲ့ လမင်းကြီးကို Pink Moon, Sprouting Grass Moon, Egg Moon နဲ့ Fish Moon လို့လည်း သိထားကြပါတယ်။ ယခုနှစ်မှာ စူပါမွန်းဖြစ်စဥ် လေးကြိမ်အထိ မြင်တွေ့ရမှာဖြစ်ပြီး နောက်တစ်ကြိမ်ကိုတော့ မေလ ၇ ရက်ညမှာ မြင်တွေ့ရမယ်လို့ CNN သတင်းက ဖော်ပြပါတယ်။

(Photo: AFP via Getty Images)

ပုံမှန်အားဖြင့် တစ်လစီမှာ လပြည့်ညတစ်ကြိမ်စီဖြင့် တစ်နှစ်လျှင် လပြည့်ည ၁၂ ကြိမ် မြင်တွေ့ကြရပါတယ်။ သို့သော် ယခု ၂၀၂၀ ခုနှစ်ရဲ့ အောက်တိုဘာလမှာတော့ လပြည့်ည နှစ်ကြိမ်ကြုံရမှာဖြစ်ပြီး အောက်တိုဘာ ၁ ရက်မှာ တစ်ကြိမ်နဲ့ အောက်တိုဘာ ၃၁ ရက်မှာ နောက်တစ်ကြိမ် ဖြစ်ပါတယ်။ တစ်လတည်းမှာ လပြည့်နှစ်ကြိမ်ဖြစ်စဥ်ကိုတော့ အပြာရောင်လ (Blue Moon) လို့ ခေါ်ဆိုကြကြောင်း သိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က