ပုဂ္ဂလိကဘဏ်တချို့က တုံကင်ယူစရာမလိုဘဲ ငွေထုတ်ပေးမှုတွေရှိလာပေမယ့်လည်း ပြည်သူတွေ ငွေထုတ်ရာမှာ အခက်အခဲတွေ ရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။
တုံကင်မယူဘဲငွေထုတ်နိုင်တဲ့စနစ်သည် တိုင်းဒေသကြီးနဲ့ ပြည်နယ်အားလုံးက ဘဏ်ခွဲတိုင်းမှာ မရရှိသေးတာကတကြောင်း၊ ငွေထုတ်ဖို့ နှစ်ပတ်စောင့်ဆိုင်းရတာကတကြောင်း၊ နယ်ကျော်ဘဏ်အကောင့်ကို ငွေထုတ်မပေးတာတွေကြောင့် ပြည်သူလူထုအတွက် အဆင်ပြေမှုမရှိသေးဘူးလို့သိရပါတယ်။
" တုံကင်မယူရဘဲငွေထုတ်ပေးတဲ့ဘဏ်က လက်ချိုးရေလို့ရတယ်လေ။ပြီးတော့ကိုယ်ငွေကိုယ်ထုတ်တာ တခါမှ ၅ သိန်း၊တစ်လမှ ၁၀ သိန်းပဲရတယ်။အဲဒီပမာဏထက်ငွေပိုလိုရင် Percentage ပေးပြီးထုတ်နေရဆဲပဲ။ဒါတွေကဘဏ်စနစ်တွေခုထိအဆင်မပြေလို့ ကျနော်တို့ငွေထုတ်ရမပြေသေးတာပဲ။ aya က Account transfer ဆိုရင် ခုလွှဲခုထုတ် မရတော့ဘူး သူတို့သတ်မှတ်ရက်စောင့်ရတယ်။ " လို့ ပြည်သူတစ်ဦးက ပြောပါတယ် ။
လက်ရှိမှာ Yoma bank ၊ AYA bank နဲ့ CB bank တို့ရဲ့ ဘဏ်ခွဲအချို့မှာ တုံကင်ယူဖို့မလိုအပ်ဘဲ ငွေထုတ်ပေးနေကာ ငွေသားထုတ်ပေးမှုကိုတော့ ၂ ပတ်တကြိမ်ထုတ်ပေးနေတာဖြစ်ပါတယ်။
CB bank မှာဆိုရင် တိုကင် ယူစရာ မလိုပဲ ငွေသားထုတ်ယူနိုင်တာ ဧရာဝတီတိုင်းဒေသကြီးက ညောင်တုန်းဘဏ်ခွဲ၊ ဓနုဖြူဘဏ်ခွဲ၊ ကျုံပျော်ဘဏ်ခွဲ၊ ငသိုင်းချောင်းဘဏ်ခွဲနဲ့ ရခိုင်ပြည်နယ် က ကျောက်ဖြူဘဏ်ခွဲ၊ တောင်ကုတ်ဘဏ်ခွဲနဲ့ ဂွဘဏ် ခွဲတို့ဖြစ်တယ်လို့ တရားဝင်ကြေငြာထားပါတယ်။
" သတ်မှတ် ဘဏ်ခွဲတွေမှာ တုံကင်မယူဘဲငွေထုတ်ယူနိုင်ပါတယ်။ဒါပေမယ့် အဲ့ဒီ ဘဏ်ခွဲတွေမှာ ငွေစာရင်းအကောင့်ဖွင့်ထားရပါမယ်။ အဲဒီလိုဖွင့်ထားသူပဲ အဲ့ဒီဘဏ်မှာငွေထုတ်လို့ရပါမယ်။ တခြားဘဏ်ကဖွင့်ထားရင် မရပါဘူး " လို့ CB bank call center မှတာဝန်ကျဝန်ထမ်းတစ်ဦးကပြောပြပါတယ်။
AYA Bank ကတော့ ပြည်မြို့ကဘဏ်ခွဲမှာ တုံကင်ယူစရာမလိုဘဲ ငွေထုတ်ပေးနေပြီး ၊ Yoma bank ကတော့ ဘဏ်ခွဲအားလုံးမှာ တုံကင်ယူစရာမလိုဘဲငွေထုတ်ယူနိုင်တယ်လို့ ပြောဆိုထားပါတယ်။
ပုဂ္ဂလိက ဘဏ်တွေအားလုံးက ငွေသားထုတ်ပေးမှုကို နှစ်ပတ်တကြိမ် ၅ သိန်းသာထုတ်ပေးတဲ့ဘဏ်ရှိသလို ၊ ၃ သိန်းကျပ်နဲ့ ၁ သိန်းသာထုတ်ပေးတဲ့ဘဏ်တွေလည်းရှိနေပါတယ်။
ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကစပြီး ဘဏ်တွေကနေ ငွေသားထုတ်ပေးမှုနဲ့ပတ်သက်လို့ ဗဟိုဘဏ်က ကန့်သတ်ခဲ့တာကြောင့် ဘဏ်တွေကငွေသားထုတ်ပေးမှူကို ပမာဏကန့်သတ်လိုက်တဲ့အပြင် ငွေထုတ်ဖို့ တုံကင်ယူရခြင်း၊ ATM မှာ လူပေါင်းရာနဲ့ချီစောင့်ဆိုင်းတာတွေဖြစ်ခဲ့ရပါတယ်။
လက်ရှိမှာတော့ ရန်ကုန် ၊နေပြည်တော်၊မန္တလေး မြို့တွေမှာသာ ATM ငွေသားထုတ်ယူနိုင်ပြီး ကျန်တိုင်းနဲ့ပြည်နယ်တွေမှာတော့ ATM မှာငွေသားဖြည့်သွင်းမှူမရှိသလောက်ဖြစ်သွားပြီလို့ သိရပါတယ်။
ဒါကြောင့် ပြည်သူတွေအတွက် ဘဏ်တွေကနေငွေထုတ်ပေးမှုစနစ်ကခုထိအဆင်မပြေသေးလို့ ပြင်ပမှာ ရာခိုင်နှုန်း နဲ့ငွေလဲလှယ်မှု လုပ်ဆောင်ကာ ငွေသားလိုအပ်မှုအခက်အခဲကိုဖြေရှင်းနေရဆဲဖြစ်ပါတယ်။
Share