အမျိုးသမီးတစ်ယောက် ဖက်ရှင်ကျဖို့အရေးအကြီးဆုံး အချက်တစ်ချက်ကို ပြောပါဆိုရင်တော့ အဲဒီအမျိုးသမီးဟာ သူ့ဘော်ဒီအချိုးအစားနဲ့ ဘယ်အဝတ်အစားကလိုက်ဖက်မှုရှိတယ်ဆိုတာကို သိနေရမှာဖြစ်ပြီး မလိုက်ဖက်တဲ့ အဝတ်အစားတွေကို ရှောင်ကြဉ်ဖို့ပါပဲ။ ဒီတော့ ကိုယ့်ဘော်ဒီမှာ ဘယ်အပိုင်းက ကြီးနေတယ်၊ ဘယ်အစိတ်အပိုင်းကတော့ဖြင့် မလှဘူးလို့ ခံစားရရင် အဲဒါတွေကို အဝတ်အစားနဲ့ တခြားလူတွေရဲ့အမြင်ကို ပြောင်းပစ်နိုင်မလဲ ဒါမှမဟုတ် ဘယ်လိုအဝတ်အစားမျိုးနဲ့အဆင်ပြေပြေ ပိုကြည့်ကောင်းသွားအောင် ဝတ်မလဲဆိုတာ သိထားရမှာဖြစ်ပါတယ်။
ဒါ့ကြောင့် ဒီတစ်ခေါက်တော့ တင်ပါးကြီးတဲ့အမျိုးသမီးတွေအတွက် ဂျင်းဘောင်းဘီဝတ်တဲ့အခါ ဘယ်ဂျင်းဘောင်းဘီ အမျိုးအစားကို ရွေးချယ်သင့်တယ်ဆိုတာလေး ပြောပြပေးချင်ပါတယ်။ တခြားအမျိုးသမီးတွေထက် ကိုယ့်တင်ပါးက ပိုကြီးတယ်လို့ ခံစားရတဲ့အခါ တင်းပါးအုပ်တဲ့ အဝတ်အစားအပွတွေဝတ်တာ၊ ဒါမှမဟုတ် ဘောင်းဘီဆိုရင်လည်း တင်ပါးသေးသွားတယ် ထင်ရအောင် တအားကျပ်တဲ့ဘောင်းဘီမျိုးတွေ ဝတ်တာမျိုးတွေက တကယ်တော့ မှားယွင်းတဲ့အတွေးအခေါ်မျိုးပါ။ ဒီတော့ ကိုယ့်ကိုကြည့်လိုက်တာနဲ့ တင်ပါးကြီးမှန်းမသိသာစေဘဲ ခန္ဓာကိုယ်အချိုးအစား မျှမျှတတ ဖြစ်နေအောင် ဒီဂျင်းဘောင်းဘီအမျိုးအစားလေးတွေက ကူညီပေးနိုင်ပါတယ်။
(၁) ခါးမြင့်တဲ့ High Rise နဲ့ Mid Rise ဂျင်းဘောင်းဘီများ
မဒီတို့အနေနဲ့ ကိုယ့်ကိုယ်ကိုယ်တင်ပါးကြီးတဲ့သူလို့ထင်ရင် ချက်လျှောဘောင်းဘီ Low rise ဂျင်းတွေထက်စာရင် ခါးနည်းနည်းမြင့်တဲ့ Mid Rise နဲ့ ချက်အပေါ်နားထိရောက်တဲ့ High Rise ဂျင်းတွေကို ပိုရွေးချယ်သင့်ပါတယ်။ ဘာဖြစ်လို့ ဒီလိုခါးမြင့်ဘောင်းဘီမျိုးတွေကို ရွေးချယ်ခိုင်းရသလဲဆိုတော့ သူက ခါးနေရာကို ပိုသိသာသွားအောင် ပံ့ပိုးပေးလိုက်တာမို့ အားလုံးရဲ့အကြည့်က တင်ပါးဖြစ်မနေတော့ဘဲ ခါးအလှကို ပိုရောက်သွားပါလိမ့်မယ်။
(၂) အကျဉ်းအကျယ်သိပ်မရှိတဲ့ Straight Leg ဂျင်းဘောင်းဘီများ
တအားပွပွကြီးလည်းမဟုတ်သလို တအားလည်းမကျပ်ဘဲ မပွတပွဘောင်းဘီမျိုးတွေက တင်ပါးကြီးတဲ့ မဒီတို့အတွက် အဆင်ပြေပါတယ်။ အထူးသဖြင့် တင်ပါးနေရာလည်းတအားမကျပ်သလို အောက်ပိုင်းလည်း မကျပ်တဲ့ဘောင်းဘီမျိုးတွေပေါ့။ ဒီဘောင်းဘီအမျိုးအစားကို တပြေးတည်းတဖြောင့်တည်းသွားတဲ့ Straight Leg ဘောင်းဘီလို့ ခေါ်ပါတယ်။
(၃) ဒူးအောက်ဘက်အကား Wide Leg ဂျင်းဘောင်းဘီများ
တင်ပါးကြီးတဲ့မဒီတွေအတွက် အခြားသူတွေရဲ့အာရုံကိုလှည့်စားဖို့ဆိုရင် ကိုယ့်ဘော်ဒီအချိုးအစားက ညီညီမျှမျှလေးဖြစ်နေသလိုမျိုး ပံ့ပိုးပေးမယ့်အဝတ်အစား၊ ဘောင်းဘီတွေကို ရွေးချယ်ရမှာပါ။ ဒီလိုဒူးအောက်ဘက်အကားဘောင်းဘီလေးတွေက ဒူးအပေါ်ပိုင်း တင်ပါးကြီးတာကို အောက်ဘက်နဲ့ ညီသွားသလိုဖြစ်စေပါတယ်။ မျှတသွားတာမို့ အားလုံးကတင်ပါးကြီးတာကို သတိပြုမိမှာ မဟုတ်တော့ပါဘူး။
(၄) ခေါင်းလောင်းဘောင်းဘီ Flare ဂျင်းဘောင်းဘီများ
သူကလည်း တင်ပါးကြီးတဲ့သူတွေကို အောက်ပိုင်းမျှမျှတတပုံလေးရသွားအောင် ကူညီပေးနိုင်တဲ့ ဘောင်းဘီအမျိုးအစားတစ်ခုပါ။ တင်နေရာနဲ့ ခြေထောက်နေရာ ဟန်ချက်ညီသွားတာမို့ တင်ပါးကြီးတဲ့သူတွေလည်း ခုခေတ်စားနေတဲ့ ခေါင်းလောင်းဘောင်းဘီလေးတွေ ရွေးချယ်လို့ရပါတယ်။
(၅) ခါးအမြင့် skinny ဂျင်းဘောင်းဘီများ
ကိုယ်ကတင်ပါးကြီးတဲ့သူမို့ ဒါကိုပေါ်လွင်ထင်ရှားသွားစေတဲ့ skinny ဂျင်းတွေ မဝတ်ရဘူးဆိုပြီး စိတ်ညစ်စရာမလိုပါဘူး။ Skinny မှ ဝတ်ချင်တယ်ဆိုရင် ခါးမြင့်တာလေးတော့ ရွေးပါ။ နံပါတ်(၁) မှာပြောထားသလို ချက်လျှောဘောင်းဘီတွေတော့ skinny မှာလည်း လုံးဝရွေးချယ်ဖို့ မစဉ်းစားပါနဲ့။
(၆) သိပ်မပွတဲ့ Slim Boyfriend ဂျင်းဘောင်းဘီများ
ကိုယ်ကလွတ်လပ်ပေါ့ပါးတဲ့ Boyfriend ဂျင်းတွေကြိုက်တဲ့သူဆိုရင်တော့ အဲဒီလို Boyfriend ဂျင်းတွေထဲက Slim Boyfriend ဂျင်းလေးတွေရွေးပါ။ ဘာလို့လဲဆိုတော့ Boyfriend ဂျင်းတော်တော်များများက ပွတာများပါတယ်။ အောက်နားဆိုလည်း အပွပဲလာတာများပါတယ်။ ဒါ့ကြောင့် သိပ်မပွ သိပ်မကျပ်တဲ့ Slim Boyfriend ကတော့ တင်ပါးကားတဲ့ သူတွေကြီးတဲ့သူတွေအတွက် သင့်တော်ပါတယ်။
(၇) ခေါင်းလောင်းဘောင်းဘီကိုမှ Crop လုပ်ထားတဲ့ ဂျင်းဘောင်းဘီများ
ဘောင်းဘီဆိုရင် အရှည်ထက် Cropped jeans လေးတွေသဘောကျတဲ့သူတွေ ရှိပါတယ်။ ခြေမျက်စိမရောက်တရောက် အရှည်လေးတွေ ဝတ်နေကျဆိုရင် သိပ်ကျပ်တဲ့ skinny၊ သိပ်ပွတဲ့ boyfriend ဂျင်းဘောင်းဘီတွေထက်စာရင် ခေါင်းလောင်းဘောင်းဘီပုံစံမျိုးကို Crop လုပ်ထားတာမျိုးကို ပိုရွေးစေချင်ပါတယ်။
ဒီဘောင်းဘီ (၇) မျိုးဟာ တင်ပါးကြီးတဲ့မဒီတွေ မရှိမဖြစ်ရှိထားသင့်တဲ့ ဘောင်းဘီအမျိုးအစား တွေဖြစ်တာမို့ ဂျင်းဘောင်းဘီဝတ်ရတာ သဘောကျတဲ့မဒီတွေအနေနဲ့ ကိုယ့်အတွက် ဘယ်အမျိုးအစားက အဆင်ပြေမယ်ဆိုတာ ခုပဲ ဆုံးဖြတ်လိုက်ပါတော့။