ယူနိုက်တက်နည်းပြ ရန်းနစ်ဂ်က သူ့အသင်းက လူငယ်အကယ်ဒမီထွက် ကစားသမားလေး ဂရင်းဝုဒ်အနေနဲ့ အသင်းမှာပုံမှန်ပွဲထွက်ခွင့်ရဖို့အတွက် စိတ်ပိုင်း၊ ရုပ်ပိုင်းအရ တိုးတက်ဖို့ လိုအပ်နေသေးတယ်လို့ ပြောကြားလာပါတယ်။ သူ့လက်ထက်မှာ ဂရင်းဝုဒ်က အရင်ထက် ပွဲကစားခွင့်ပိုမိုရရှိလိမ့်မယ်လို့လည်း ရန်းနစ်ဂ်က ဆိုခဲ့ဖူးတာပါ။
ယန်းဘွိုင်းစ်နဲ့ ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲမှာ ဂရင်းဝုဒ်က အသင်းအတွက် ဦးဆောင်ဂိုးကို လှလှပပ သွင်းယူပေးနိုင်ခဲ့ပြီး ပုံမှန်ပွဲထွက်ခွင့်အတွက် အသင့်ရှိတယ်ဆိုတာကို အသိပေးခဲ့ပါတယ်။ ဒါပေမယ့် ရန်းနစ်ဂ်ကတော့ ဂရင်းဝုဒ်နဲ့ ပတ်သက်လို့ အခုလိုပဲ ပြောကြားလာခဲ့ပါတယ်။
ရန်းနစ်ဂ်က “ဂရင်းဝုဒ် ပွဲထွက်ခွင့်ပိုရမယ်ဆိုတာက လှပတဲ့ သွင်းဂိုးကြောင့်တင် မဟုတ်ဘဲ မာတာအတွက် သူဖန်တီးပေးလိုက်တဲ့ အခွင့်အရေးကလည်း အရမ်းကိုကောင်းပါတယ်။ သူ့မှာ ကောင်းမွန်တဲ့ အရည်အချင်းတွေရှိတယ်၊ ဘယ်ခြေ၊ ညာခြေ နှစ်ဖက်လုံးကို အသုံးပြုနိုင်တယ်၊ ဘောလုံးကောင်းကောင်းနိုင်တယ်”
“ပြီးခဲ့တဲ့တနင်္ဂနွေကလည်း သူက ဖရက်ဒ်ရဲ့ ဂိုးအတွက် ဖန်တီးပေးခဲ့သေးတယ်လေ။ ဒါပေမယ့် ဒီလိုခြေစွမ်းမျိုးကို ပုံမှန်ပြသနိုင်ဖို့ လိုအပ်ပါတယ်။ သူ့ရဲ့ ခန္ဓာကိုယ်က တိုးတက်ဖို့ လိုအပ်နေပါသေးတယ်။ ဒါပေမယ့် နည်းစနစ်ပိုင်းအရကြည့်ရင် သူ့အသက်အရွယ်မှာ သူက ထိပ်တန်း ကစားသမားဖြစ်နေပါပြီ”
“တကယ်လို့ သူသာ ဒီလိုမျိုးတည်ငြိမ်တဲ့ခြေစွမ်းကို ပြသနိုင်ပြီဆိုရင် အသင်းအတွက် ပုံမှန်ပွဲထွက်ခွင့်ရတဲ့ ကစားသမားဖြစ်လာပါလိမ့်မယ်။ ဟာလန်းနဲ့တော့ မနှိုင်းသင့်သေးပါဘူး။ သူတို့က ကွဲပြားတဲ့ ကစားသမားတွေပါ”
“ဟာလန်းရဲ့ ခန္ဓာကိုယ်က တော်တော်မိုက်ပါတယ်။ အရပ်က (၁.၉၃) ဒါမှမဟုတ် (၁.၉၄) မီတာလောက်ရှိပါတယ်။ သူ့အနေနဲ့ အဓိကတိုက်စစ်မှူးအဖြစ် တယောက်တည်းကစားနိုင်သလို၊ ၄-၄-၂ မှာလည်း အခြားတယောက်နဲ့ တွဲကစားနိုင်ပါတယ်။ ဂရင်းဝုဒ်ကတော့ နံပါတ် (၉) နဲ့ နောက်ထပ် တဝက်လောက်ပေါ့။ ဂရင်းဝုဒ်လည်း တိုက်စစ်မှူးအဖြစ် ကစားနိုင်တာပေါ့။ တောင်ပံကလည်း ဆွဲဝင်နိုင်တယ်၊ အခြားတိုက်စစ်မှူးတယောက်နဲ့လည်း တွဲကစားနိုင်ပါတယ်”
“ဂရင်းဝုဒ်က နည်းစနစ်ပိုင်းအရမ်းကောင်းတာပါ။ ဒါပေမယ့် ကျနော် သူ့ရဲ့ ခန္ဓာကိုယ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာကို တိုးတက်အောင် လုပ်ပေးရပါမယ်” လို့ ပြောကြားသွားခဲ့ပါတယ်။