လာမယ့် (၂၀၂၂) ခုနှစ် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ပွဲစဥ်တွေကို ကိုင်တွယ်ခွင့်ရမယ့် ဒိုင်လူကြီးတယောက်ဟာ တပွဲတည်း အနီကတ်ဆယ်ကတ်အထိပြသပြီး ပွဲကြမ်းခဲ့တယ်လို့ သိရှိရပါတယ်။ အာဂျင်တီးနားလူမျိုး ဒိုင်လူကြီးဟာ ရေဆင်းနဲ့ ဘိုကာဂျူနီယာတို့ရဲ့ အာဂျင်တီးနား Trophy of Champions ဗိုလ်လုပွဲကို ကိုင်တွယ်ခဲ့တာဖြစ်ပြီး အဲ့ဒီပွဲမှာ ရေဆင်းက ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဒါပေမယ့် အံ့အားသင့်ဖို့ကောင်းစွာနဲ့ပဲ ဒီပွဲက ပွဲကြမ်းတပွဲဖြစ်ခဲ့ပြီး ဘိုကာဂျူနီယာဘက်က ကစားသမား (၇) ယောက်အထုတ်ခံခဲ့ရပြီး ရေဆင်းဘက်ကတော့ ကစားသမား (၃) ယောက်အထိ အထုတ်ခံခဲ့ရပါတယ်။ အဓိကပြဿနာ အစပြုခဲ့တာကတော့ ရေဆင်း ကစားသမား ကားလို့စ်အယ်လ်ကာရက်ဇ်က အချိန်ပိုရဲ့ နောက်ဆုံးမိနစ်မှာ အနိုင်ဂိုးသွင်းခဲ့တာဖြစ်ပါတယ်။
အဲ့ဒီနောက် အဆိုပါ ကစားသမားက ပြိုင်ဘက် ဘိုကာဂျူနီယာ ပရိသတ်တွေရဲ့ရှေ့မှာ သွားရောက် အောင်ပွဲခံခဲ့ပြီး ဘိုကာဂျူနီယာပရိသတ်တွေကလည်း ပုလင်းအရေအတွက်အများအပြားနဲ့ အယ်လ်ကာရက်ဇ်ကို ဧည့်ခံခဲ့ကြပါတယ်။ အယ်လ်ကာရက်ဇ်ဟာ အင်္ကျီချွတ်အောင်ပွဲခံခဲ့သလို ဘိုကာဂျူနီယာ ကစားသမားတွေကလည်း အယ်လ်ကာရက်ဇ်ကို ရန်ပြုဖို့ ကြိုးစားခဲ့ကြပါတယ်။
အဲ့ဒါကြောင့်လည်း ပွဲက ဒီလောက်အထိ အခြေအနေ ဆိုးသွားခဲ့ပြီး ကွင်းလယ်ဒိုင် ဖာကန်ဒိုတယ်လိုကလည်း အနီကတ် အများအပြားကို ထုတ်သုံးကာ ပွဲကို ထိန်းသိမ်းခဲ့ပါတယ်။ ဒီလိုမျိုး ရန်ပွဲမှာတင် ဘိုကာဂျူနီယာ ကစားသမား (၅) ယောက် အထုတ်ခံခဲ့ရပြီး အဲ့ဒီမတိုင်ခင်မှာလည်း (၂) ယောက်က အနီကတ်ထိခဲ့ပြီးသားပါ။
နောက်ဆုံးမှာတော့ ဘိုကာဂျူနီယာ ကစားသမား (၄) ယောက်နဲ့ ရေဆင်းဘက်က (၈) ယောက်သာ ကျန်ရှိတော့တဲ့နောက် စည်းမျဥ်းတွေအရ ပွဲကအဆုံးသတ်သွားခဲ့ရပါတယ်။ တယ်လိုကလည်း ဒီပွဲမှာ မှတ်တမ်းတခုကို အရယူခဲ့ပြီး သူဟာ ပွဲတပွဲတည်းမှာ အနီကတ်အများဆုံးအသုံးပြုခဲ့တဲ့ ပထမဆုံး ကွင်းလယ်ဒိုင်ဖြစ်လာခဲ့သလို ဒီပွဲကလည်း ဘောလုံးသမိုင်းတလျှောက် အနီကတ်အများဆုံးပြခံရတဲ့ ပွဲတပွဲအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။