တစ်အိမ်လုံးရဲ့ ကိစ္စအဝဝကို တာဝန်ယူဆောင်ရွက်နေရတဲ့ အမျိုးသမီးတွေ အနေနဲ့ ခု တစ်ကမ္ဘာလုံးမှာ ကူးစက်ပြန့်ပွားနေတဲ့ Covid 19 ကို ကာကွယ်ဖို့အတွက် နည်းလမ်းတွေကို သိထားသင့်ပါတယ်။

ခုဆိုရင် တစ်ကမ္ဘာလုံးက လူတိုင်းလိုလို ထိတ်လန့်ကြောက်ရွံ့နေတဲ့ တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်နေတဲ့ COVID 19 ရန်ကို ကာကွယ်ရမယ့်အချိန်ရောက်ရှိလာပါပြီ။ တစ်ကမ္ဘာလုံးကို ပြန့်နှံ့နေတဲ့ ရောဂါပိုးဖြစ်တဲ့အတွက် မြန်မာနိုင်ငံအနေနဲ့ ပိုလို့တောင် သတိထားသင့်ပါတယ်။ မြန်မာနိုင်ငံကို မရောက်သေးဘူးဆိုပေမယ့်လည်း တကယ်တမ်းရောက်ရှိလာခဲ့မယ်ဆိုရင် နိုင်ငံရဲ့ အခြေအနေအရ စိုးရိမ်စရာကောင်းလွန်းနေပါတယ်။ ဒါ့ကြောင့် ဖြစ်မလာခင်က ကြိုတင်ကာကွယ်ထားခြင်းဟာ အထိရောက်ဆုံးနည်းလမ်းပဲ ဖြစ်ပါတယ်။ အထူးသဖြင့် အိမ်သားတွေရဲ့  နေထိုင်စားသောက်မှု နဲ့ ကျန်းမာရေးကို တာဝန်ယူဆောင်ရွက်ပေးရတဲ့ အမျိုးသမီးတွေအနေနဲ့ ရောဂါပိုး ကာကွယ်ရမယ့် နည်းလမ်းကို ပိုပြီး သိထားသင့်ပါတယ်။ ဒါ့ကြောင့် အိမ်တစ်အိမ်ရဲ့ ကိစ္စအဝဝကို ကြီးကြပ်ကွပ်ကဲနေရတဲ့ အမျိုးသမီးတွေအနေနဲ့ ကိုရိုနာဗိုင်းရပ်စ် နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေနဲ့ ကာကွယ်ရမယ့် နည်းလမ်းတွေကို သိထားဖို့ လိုအပ်ပါတယ်။

တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်နေတဲ့ COVID 19

ကိုရိုနာဗိုင်းရပ်စ်ပိုးအသစ်ဟာ တရုတ်ပြည် ဝူဟန်မြို့မှာ ဒီဇင်ဘာလ ၂၀၁၉ ခုနှစ်က စတင်ခဲ့တာဖြစ်ပြီး ခုဆိုရင် ကမ္ဘာ့နိုင်ငံပေါင်း ၁၅၇နိုင်ငံအထိ ပြန့်နှံ့ကူးစက်နေပါပြီ။ လူပေါင်း တစ်သိန်းခြောက်သောင်းကျော် ကူးစက်ပြန့်ပွားနေပါပြီး လူပေါင်းခြောက်ထောင်ကျော် သေဆုံးခဲ့တဲ့ ဒီရောဂါပိုးကို တစ်ကမ္ဘာလုံးက ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ကာကွယ်နေကြတာပဲ ဖြစ်ပါတယ်။ ကမ္ဘာ့ကပ်ရောဂါအဖြစ်သတ်မှတ်ထားပြီးဖြစ်ပါတယ်။ လူအများစုခံနိုင်ရည်မရှိတဲ့ ရောဂါသစ်တစ်ခုဖြစ်ပြီး ခန့်မှန်းထားတဲ့နှုန်းထက် ပိုမြန်တဲ့ နှုန်းနဲ့ ပြန့်နှံ့နေတာကြောင့် ကမ္ဘာ့ကပ်ရောဂါအဖြစ်သတ်မှတ်လိုက်ကြတာဖြစ်ပါတယ်။

Consultant တစ်ယောက်ဖြစ်တဲ့ မမေလေးကလည်း COVID 19 နဲ့ပတ်သက်လို့ သူ့ရဲ့ စိုးရိမ်ပူပန်မှုတွေကို Duuwn ကို ခုလိုပြောပါတယ်။

"စိတ်ပူတာတော့အမှန်ပဲ။ တစ်ကိုယ်ရည်သန့်ရှင်းရေးကိုအရင်ထက်အရမ်းဂရုစိုက်ဖြစ်တယ်။ အဓိက ကတော့ လက်ပေါ့နော်။ သတိတရဆေးတယ်။ရုံးမှာလည်း အရမ်းဂရုစိုက်ပေးတယ်။

လူထူတဲ့နေရာတွေကိုရှောင်ဖြစ်တယ်။ ​အပြင်ကပြန်လာရင် ရေမိုးချိုးတယ်။ ကိုယ့်ကိုယ်ကိုယ် ပိုဂရုစိုက်လာဖြစ်တယ်။ နှာလေးစေး လည်ချောင်းလေးနာမှာတောင်စိတ်ပူနေမိတာ။

တခါတလေ တချို့သတင်းတွေဖတ်ပြီးရင် ကြောက်စိတ်တောင်ဖြစ်မိတာ။ အပြင်သွားရင် ဘာမှ မထိရဲမကိုင်ရဲတဲ့အထိတောင်ဖြစ်မိတယ်။"

မြန်မာနိုင်ငံကို မရောက်သေး

ဒီလို ကမ္ဘာ့နိုင်ငံအသီးသီးကို ကူးစက်ပြန့်ပွားနေတဲ့ ဒီ ကိုရိုနာဗိုင်းရပ်စ် ပိုးဟာ မြန်မာနိုင်ငံကို မရောက်ရှိသေးဘူးလို့ ကျန်းမာရေးဝန်ထမ်းတွေက အခိုင်အမာဆိုနေပါတယ်။ ဒါပေမယ့်လည်း အချိန်မရွေးရောက်ရှိလာနိုင်တာ ဖြစ်တဲ့အတွက် မပေါ့ဆဘဲ ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်ကြဖို့ နှိုးဆော်ထားပါတယ်။

ရောဂါလက္ခဏာများ

ကိုရိုနာဗိုင်းရပ်စ် ရဲ့ ရောဂါလက္ခဏာတွေကို သိထားဖို့လည်း လိုအပ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ရောဂါလက္ခဏာတွေကတော့ တုပ်ကွေး၊ အအေးမိ၊ ဖျားနာရောဂါတွေနဲ့ ပုံစံဆင်တူပါတယ်။ ဖျားတာ၊ ချောင်းဆိုးတာ၊ အသက်ရှူကြပ်တာ၊ နှာစေးတာနဲ့ အဆုတ်ယောင်တာ စတဲ့ လက္ခဏာတွေကို ခံစားကြရပါတယ်။ ဒီလို လက္ခဏာတွေ ခံစားရပြီဆိုရင် ကိုရိုနာဗိုင်းရပ်စ် ဟုတ်မဟုတ် ဆိုတာကို ကျန်းမာရေးဝန်ကြီးဌာနကို အကြောင်းကြားပြီး အတည်ပြုစစ်ဆေးဖို့ လိုအပ်ပါတယ်။

ကူးစက်ပြန့်ပွားပုံ

ရောဂါလက္ခဏာကို သိပြီဆိုရင် ဘယ်လို ကူးစက်ပြန့်ပွားတတ်သလဲဆိုတာကိုလည်း သိမှ ဘယ်လို ကာကွယ်နိုင်မလဲဆိုတာ သိနိုင်မှာ ဖြစ်ပါတယ်။

-ရောဂါပိုးရှိနေသူရဲ့ ချောင်းဆိုး၊ နှာချေလိုက်တာကနေ တစ်ဆင့်ကူးစက်နိုင်ပါတယ်။

-ရောဂါပိုးရှိနေသူထိတွေ့ကိုင်တွယ်လိုက်တဲ့ အရာဝတ္ထုပစ္စည်းတွေကို ထိတွေ့ကိုင်တွယ်မှုကနေတစ်ဆင့် ကူးစက်နိုင်ပါတယ်။

-ရောဂါပိုး ပြန့်နှံ့နေတဲ့ လေထုကတစ်ဆင့် ကူးစက်နိုင်ပါတယ်။

-တိရစ္ဆာန်များကို ထိတွေ့ကိုင်တွယ်မှုမှတစ်ဆင့် ကူးစက်နိုင်ပါတယ်။

ဒါ့ကြောင့် ဒီအခြေအနေတွေကို သတိထားရှောင်ကြဥ် ဖို့ လိုအပ်ပါတယ်။

ဆရာဝန်တစ်ယောက်ဖြစ်သလို အနုပညာရှင်တစ်ဥ◌ီး ဖြစ်တဲ့ အေးချမ်းမိုးကလည်း ကိုရိုနာဗိုင်းရပ်စ်ကို ဘယ်လို ခုခံတွန်းလှန်ကြမလဲဆိုတာကို Duwun ကို ခုလို ပြောပြပါတယ်။

"အခုချိန်မှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး တစ်နိုင်ငံလုံး တစ်ကမ္ဘာလုံးကလည်း စိုးရိမ်ကြောင့်ကြနေကြတယ်။ တစ်ကမ္ဘာလုံးမှာ ကူးစက်မှုနှုန်း၊ ဖြစ်ပွားမှုနှုန်းကလည်း အရမ်းမြန်ဆန်နေတယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးကလည်း ကပ်ရောဂါအနေနဲ့ သတ်မှတ်လိုက်တာ ဖြစ်တဲ့အတွက် စိုးရိမ်မှုတွေက အနည်းနဲ့ အများရှိကြတယ်။ ချမ်းမိုးအနေနဲ့လည်း စိုးရိမ်ပူပန်ကြောင့်ကြမိတယ်။ ကိုယ်အပါအဝင် တခြားသူတွေ ဘယ်သူ့ကိုမှ မဖြစ်စေချင်ဘူး။ တစ်ခု ဝမ်းသာစရာကောင်းသေးတာက ကိုယ့်နိုင်ငံမှာ Positive တစ်ယောက်မှ မရှိသေးတာက ဝမ်းသာစရာသတင်းဖြစ်နေတယ်။ အဓိကကတော့ ဒီရောဂါက ဘယ်လို ကူးစက်တာလဲဆိုတာ အရင်ဆုံးလေ့လာတယ်၊ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က ထုတ်ပြန်တာတွေရော ကိုယ့်နိုင်ငံက ကျန်းမာရေးဝန်ကြီးက ထုတ်ပြန်တာတွေကို‌ေ၇◌ာ အချိန်နဲ့ တပြေးညီလေ့လာတယ်။ ဘယ်လိုမျိုးက ကူးစက်တတ်တာလဲ၊ ဘယ်လိုလူမျိုးတွေ ပိုပြီးကူးစက်နိုင်တာလဲ ၊ ကိုယ့်ကို မကူးစက်အောင် ဘယ်လိုမျိုးပြုမူနေထိုင်စားသောက်ရမလဲဆိုတာက အစ သေချာလေ့လာပြီး လိုက်နာတယ်၊ အဓိကကတော့ တစ်ကိုယ်ရည်သန့်ရှင်းဖို့က အရေးကြီးတယ်။ ရောဂါပိုးက အရာဝတ္ထုတွေပေါ်မှာလည်း ကပ်တွယ်နိုင်တယ်ဆိုတော့ ဆိုတော့ လက်ကို မကြာခဏဆေးတယ်။ ချမ်းမိုးတို့ တစ်ဥ◌ီးတစ်ယောက်ချင်းစီက ကိုယ်ကိုယ်တိုင်ရဲ့ တစ်ကိုယ်ရည် ကျန်းမာရေး ၊ သန့်ရှင်းရေး နဲ့ ကိုယ်ရဲ့ ကျန်းမာရေးအတွက် ဘယ်လို နေထိုင်စားသောက်ရမလဲဆိုတာတွေကို သေသေချာချာ လိုက်နာမယ်ဆိုရင် ဗိုင်းရပ်စ်ပိုးကြီး ကူးစက်မှုဒဏ်ကနေ ကာကွယ်နိုင်မယ်လို့ ထင်ပါတယ်။ ကောလဟာလ သတင်းတွေလည်း အများကြီး ပြန့်ပွားနေတာကြောင့် တကယ့်ကို Official ဖြစ်တဲ့ Page တွေ ၊ Official သတင်းဌာနက ထွက်လာတဲ့ သတင်းတွေကိုပဲ ယုံစေချင်ပါတယ်။ ကောလဟာလ သတင်းတွေကို မယုံစေချင်ပါဘူး။" 

ရှောင်ကြဥ်သင့်တဲ့အရာတွေ

အိမ်ရဲ့ မိသားစုဝင်တွေရဲ့ ကျန်းမာရေးအတွက် အထူးကြပ်မတ်ကြည့်ရှူစောင့်ရှောက်ပေးနေရတဲ့ အမျိုးသမီးတွေအနေနဲ့ ရောဂါပိုးကို တခြားသူတွေထံကနေ ကူးစက်မှုကို ကာကွယ်နိုင်မယ့်နည်းလမ်းတွေကို ကြိုသိထားဖို့ လိုအပ်ပါတယ်။

-လက်ကို မကြာခဏဆေးပါ

လက်ဟာ အရာဝတ္ထုများစွာကို ထိတွေ့ကိုင်တွယ်နေတဲ့အရာဖြစ်ပါတယ်။ လက်နဲ့ ထိတွေ့ထားတဲ့ အရာမှန်သမျှဟာ ရောဂါပိုး ရှိမနေနိုင်ဘူးလို့ တပ်အပ်မပြောနိုင်ပါဘူး။ ဒါ့ကြောင့် တတ်နိုင်သမျှ လက်ကို မကြာခဏ ဆေးကြောသန့်စင်ပေးဖို့ လိုအပ်ပါတယ်။ လက်ဆေးကြောတဲ့ နေရာမှာလည်း စက္ကန့် ၂၀ လောက် ဆေးကြောပေးသင့်ပါတယ်။ လက်ကို ရေနဲ့ ဆပ်ပြာ နဲ့ သေချာစွာဆေးကြောနိုင်သလို အယ်ကိုဟောဓာတ်ပါဝင်တဲ့ လက်ဆေးရည်တွေနဲ့လည်း လက်ကို မကြာခဏဆေးကြောရပါမယ်။

-အရာဝတ္ထုပစ္စည်းတွေကို ဆပ်ပြာနဲ့ မကြာခဏဆေးပါ

ရောဂါပိုးရှိနေသူရဲ့ လက်နဲ့ ထိတွေ့ကိုင်တွယ်ထားတဲ့ အရာဝတ္ထုတွေဟာလည်း ရောဂါပိုးတွေ ရှိနေတတ်ပါတယ်။ ရောဂါပိုးရှိသူရဲ့ နှာချေတာ၊ ချောင်းဆိုးတာတွေကြောင့်လည်း ရောဂါပိုးတွေဟာ အရာဝတ္ထုတွေပေါ် ရောက်သွားတတ်ပါတယ်။ ဒီရောဂါပိုးတွေဟာ အရာဝတ္ထုပစ္စည်းပေါ်မှာ တစ်ပတ်လောက်ထိနေနိုင်ပါတယ်။ အထူးသဖြင့် ကြမ်းပြင်တွေ၊ စားပွဲမျက်နှာပြင်တွေ ၊ တံခါးလက်ကိုင်တွေ၊ လက်ကိုင်တန်းတွေ စတာတွေကို မကြာခဏ ဆပ်ပြာ ဒါမှမဟုတ် အရက်ပြန်နဲ့ သန့်စင်ပေးဖို့လိုအပ်ပါတယ်။

-အစားအသောက် အသုံးအဆောင်တွေ သီးသန့်ထားပါ

အရင်က ဘယ်လိုပဲ အစားအသောက်ကို အုပ်စုလိုက် စားသောက်တာမျိုးတွေ လုပ်ခဲ့ပါစေ၊ ခုချိန်မှာတော့ အစားအသောက်ကိုလည်း သီးသန့်စားတာ ၊ အသုံးအဆောင်ကိုလည်း တစ်ယောက်တည်း သီးသန့်သုံးတာမျိုးတွေ လုပ်ဖို့ သင့်နေပါပြီ။ အစားအသောက် ဝေမျှစားသုံးတာ ၊ အသုံးအဆောင်ကို မျှဝေခွဲသုံးတာတွေဟာ ရောဂါပိုးတွေ တစ်ယောက်ကို တစ်ယောက် ကူးစက်ဖို့အတွက် ပိုပြီး လွယ်ကူစေပါတယ်။ ဒါ့ကြောင့် အစားအသောက် နဲ့ အသုံးအဆောင် ပစ္စည်း တွေကို မျှဝေသုံးစွဲစားသုံးတာမျိုးတွေ လုံးဝမလုပ်ပါနဲ့။

-ကိုယ်ခံအားကောင်းအောင်နေပါ

ဒီရောဂါပိုးဟာ ကုသကာကွယ်ဖို့ ဆေးဝါးတွေ မရှိသေးတဲ့အတွက်ကြောင့် ဖြစ်လာခဲ့ရင် ကုသဖို့ဆိုတာ ခက်ခဲပါတယ်။ ဒါပေမယ့်လည်း ကိုယ်ခံအားကောင်းနေမယ်ဆိုရင် ဒီရောဂါပိုးဟာ ပျောက်ကင်းသွားနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် အိပ်ရေးဝအောင် အိပ်ပါ၊ အာဟာရပြည့်ဝတဲ့ အစားအသောက် စားသုံးပါ၊ ရေဝဝသောက်ပါ။ ကိုယ်ခံအားကောင်းနေမယ်ဆိုရင် ရောဂါပိုးကူးစက်ဖို့ ခက်ခဲပါလိမ့်မယ်။

-လူစုလူဝေးရှောင်ပါ

အနောက်နိုင်ငံတွေမှာ ရောဂါပိုးကူးစက်မှုဟာ လူစုလူဝေးဆီက တစ်ဆင့် ကူးစက်တာဖြစ်ပါတယ်။ ဒါ့ကြောင့် လူစုလူဝေးကို သွားရောက်တာကို အထူးရှောင်ကြဥ်ဖို့ လိုအပ်ပါတယ်။ လူစုလူဝေးကို မသွားမဖြစ် သွားရမယ်ဆိုရင်လည်း Mask ဆောင်ဖို့ လိုပါတယ်။ Mask ရဲ့ အပြင်ဘက်ကို မကိုင်တွယ်ရပါ။ Mask ဖြုတ်မယ်ဆိုရင် ကြိုးကနေ စတင်ဖြုတ်ယူရပါမယ်။ လွှင့်ပစ်မယ်ဆိုရင်လည်း သေချာခေါက်ပြီး အဖုံးပါတဲ့ အမှိုက်ပုံးထဲကို စွန့်ပစ်ရပါမယ်။ မဖြစ်မနေ ဈေးဝယ်ထွက်ရမယ်ဆိုရင်လည်း တခြားသူတွေနဲ့ ၆ပေအကွာလောက်မှာ နေဖို့ လိုအပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီရောဂါပိုးဟာ ၆ပေအကွာအဝေးထိ သွားရောက်နိုင်လို့ ဖြစ်ပါတယ်။

ပါရမီဆေးရုံမှ ပရော်ဖက်ဆာ ဒေါက်တာဦးစောဝင်းက ကိုရိုနာဗိုင်းရပ်စ်ကို ဘယ်လိုကာကွယ်သင့်တယ်ဆိုတဲ့ အကြောင်း ခုလို ‌Duwun ကို ပြောပြပါတယ်။




“ကိုရိုနာဗိုင်းရပ်စ်ပိုး မြန်မာနိုင်ငံကို မရောက်သေးဘူးဆိုတာကို ကျွန်တော့်အနေနဲ့ အပြည့်အဝယုံကြည်ပါတယ်။ ဒါပေမယ့်လည်း လုံးဝရောက်မလာနိုင်ဘူးလို့တော့ အတိအကျ ပြောလို့မရပါဘူး။ ရောက်လာတဲ့အခါ ကာကွယ်ဖို့ ခက်ခဲပါလိမ့်မယ်။ ဒါ့ကြောင့် လုံးဝရောက်မလာနိုင်အောင် ကြိုတင်ကာကွယ်ထားတာကတော့ အကောင်းဆုံးပါပဲ။ ခုထိ လုံးဝရောက်မလာသေးတဲ့ ရောဂါပိုးကို ကာကွယ်ဖို့က အရေးကြီးပါတယ်။ တကယ်လို့ သံသယလူနာတွေ့လာတဲ့အခါ ချက်ချင်း သက်ဆိုင်ရာ ကျန်းမာရေးဝန်ကြီးဌာနကို ဆက်သွယ်အကြောင်းကြားပြီး ပြောတဲ့အတိုင်း လိုက်နာ ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ရောဂါကာကွယ်ရေးပြုလုပ်ဖို့ဆိုတာ အရေးကြီးပါတယ်။ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုကာကွယ်ကြမလဲဆိုရင်တော့ လက်မကြာခဏဆေးပါ။ အရာဝတ္ထုပစ္စည်းတွေ ကို ဆပ်ပြာနဲ့ မကြာခဏဆေးပါ။ လက်မဆေးထားဘဲ မျက်နှာ ၊ နှာခေါင်းတို့ကို မထိမိပါစေနဲ့။ နှာစေး ချောင်းဆိုးရင် Mask တပ်ပါ။ တစ်ရှူးသုံးပါ။ တတ်နိုင်သလောက် လူစုလူဝေးရှောင်ပါ။ ပြည်သူတွေအနေနဲ့ လိုက်နာသင့်တဲ့ အချက်တွေကို သေချာ လိုက်နာမယ်ဆိုရင် ရောဂါပိုးကို ကာကွယ်ထားပြီးသား ဖြစ်သွားပါလိမ့်မယ်။" 

ဒီတော့ မဒီတို့ အနေနဲ့ ကိုယ့်ရဲ့ မိသားစုဝင်တွေ နဲ့ ကိုယ်ကိုယ်တိုင် ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးကူးစက်မှုကနေ ကာကွယ်နိုင်ဖို့ဆိုရင် အထက်ပါ အချက်အလက်တွေကို သေချာဂရုထား လိုက်နာဖို့ လိုအပ်ပါတယ်။ ရောဂါပိုးက မိမိက စတင်ပြီး ကာကွယ်ဖို့ လိုအပ်ကြောင်း မဒီတို့ အားလုံး သတိပြုထားမယ်ဆိုရင် ကျန်းမာပျော်ရွှင်တဲ့ မိသားစုတိုင်းကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က