• Featured

    ၂၀၂၀ တစ်နှစ်လုံး Facebook နဲ့ Google ဝန်ထမ်းအများစု အိမ်ကနေပဲ အလုပ်လုပ်ရမည်

Facebook ကတော့၂၀၂၁ ဇူလိုင်လအထိ ဝန်ထမ်း ၅၀ ထက် ပိုစုဝေးခွင့်မပြုပါဘူး

Facebook နဲ့ Google တို့ဟာ နှစ်အကုန်အထိ ဝန်ထမ်းအများစုကို အိမ်ကနေ အလုပ်လုပ်ဖို့ ခွင့်ပြုသွားမယ်လို့ ဆိုပါတယ်။

Facebook ကတော့ ဇူလိုင် ၆ ရက်နေ့အထိ အစောဆုံးထားပြီး ကုမ္ပဏီရဲ့ ရုံးအများစုကို ဖွင့်လှစ်ဖို့ အစီအစဉ်မရှိဘူးလို့ ပြောထားပါတယ်။ ကုမ္ပဏီတွေ ပြန်ဖွင့်/မဖွင့် ဆုံးဖြတ်ရာမှာလည်း အများပြည်သူ့ကျန်းမာရေးအချက်အလက်များ ၊ အစိုးရရဲ့ လမ်းညွှန်မှုနဲ့ ဒေသတွင်း အခြေအနေစတဲ့ အချက်အလက်အမျိုးမျိုးကို ထည့်သွင်းစဉ်းစားသွားမယ်လို့ ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

image


Photo: CNBC

Google အမှု‌ဆောင်အရာရှိချုပ် ဆွန်ဒါပီချိုင်းဟာ ကုမ္ပဏီလက်ဆုံအစည်းအဝေးမှာ ဝန်ထမ်းများ ၂၀၂၀ အကုန်အထိ အိမ်ကနေ အလုပ်လုပ်ရဖွယ်ရှိကြောင်း ပြောခဲ့တယ်လို့ ကုမ္ပဏီက အတည်ပြုထားပါတယ်။ Facebook အမှုဆောင်အရာရှိချုပ် မတ်ခ်ဇူကာဘတ်ကလည်း မေလ ၇ ရက်နေ့မှာ တရားဝင်ကြေညာချက် ထုတ်ပြန်ပြီး ဝန်ထမ်းအများစုကို ၂၀၂၀ နှစ်ကုန်တဲ့အထိ အိမ်ကနေ အလုပ်ဆက်လုပ်ခွင့် ပေးသွားမယ်လို့ ပြောရေးဆိုခွင့်ရှိသူက CNBC သတင်းကို ပြောကြားထားပါတယ်။

ဇူကာဘတ်ဟာ အနည်းဆုံး ၂၀၂၁ ဇူလိုင်လအထိ ဝန်ထမ်း ၅၀ ထက် ပိုပြီး စုဝေးခွင့်မပြုကြောင်း ကြေညာထားပါတယ်။ Facebook ဝန်ထမ်းတွေဟာ မတ်လကတည်းက အိမ်ကနေ အလုပ်လုပ်နေရတာ ဖြစ်ပါတယ်။ ရုံးပိတ်ထားခြင်းနဲ့ ဖျားနာခြင်းကြောင့် အလုပ်မလုပ်နိုင်တဲ့ နာရီပိုင်း ဝန်ထမ်းတွေကိုလည်း ကုမ္ပဏီအနေနဲ့ လုပ်ခလစာဆက်ပေးသွားမယ်လို့ ဆိုပါတယ်။

Photo: Inc

Google ကလည်း ဝန်ထမ်းတွေအတွက် အလားတူ အစီအစဉ်များ လုပ်ဆောင်ထားပြီး အနည်းဆုံး ဇွန်လ ၁ ရက်နေ့အထိ အိမ်ကနေပဲ အလုပ်လုပ်ဖို့ ပြောထားတာ ရှိပါတယ်။ ဒီတစ်ပတ် ကြာသာပတေးနေ့မှာတော့ ရုံးမှာ လာပြီး အလုပ်လုပ်ဖို့ လိုအပ်တဲ့ ဝန်ထမ်းတွေဟာ ဇွန် ဒါမှမဟုတ် ဇူလိုင်လထဲမှာ အလုပ်ပြန်ဝင်နိုင်မယ်လို့ ကုမ္ပဏီ အမှု‌ဆောင်အရာရှိချုပ်က ဆိုပါတယ်။

ကုမ္ပဏီကြီးနှစ်ခုရဲ့ ကြေညာချက်ဟာ ကမ္ဘာအရပ်ရပ်မှ သိန်းနဲ့ ချီတဲ့ ဝန်ထမ်းတွေပေါ် သက်ရောက်မှု ရှိမှာဖြစ်ပါတယ်။ လက်ရှိမှာ Facebook ဟာ အချိန်ပြည့်ဝန်ထမ်း ၄၈၀၀၀ ကျော် ရှိထားပြီး Google ရဲ့ မိခင်ကုမ္ပဏီ Alphabet ဟာ ဝန်ထမ်း ၁၂၀၀၀၀ ကျော် ရှိတယ်လို့ ဆိုပါတယ်။ ဆီလီကွန်ဗယ်လီရဲ့ အကြီးဆုံး နည်းပညာကုမ္ပဏီကြီးတွေထဲက နှစ်ခုရဲ့ ကြေညာချက်ဟာ နည်းပညာနယ်ပယ်က တစ်ခြားကုမ္ပဏီကြီးတွေရဲ့ ရုံးပြန်ဖွင့်မယ့်အစီအစဉ်တွေ အပေါ်ပါ လွှမ်းမိုးမှု ရှိနိုင်ပါတယ်။


Worldometers.info ရဲ့ အချက်အလက်တွေအရ မေလ ၈ ရက် မနက်ပိုင်းအထိ ကမ္ဘာတစ်ဝှမ်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၃၉၁၆၂၅၇ ဦး ရှိထားပြီး သေဆုံးသူ ၂၇၀၇၀၉ ဦး ရှိထားတယ်လို့ ဆိုပါတယ်။ အမေရိကန်ဟာ ကိုရိုနာဗိုင်းရပ်စ်ဒဏ် အဆိုးဆုံးခံစားနေရတဲ့ နိုင်ငံဖြစ်ပြီး ကူးစက်ခံရသူပေါင်း ၁၂၉၂၆၂၃ ဦးနဲ့ သေဆုံးသူ ၇၆၉၂၈ ဦး ရှိနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က