တစ်နိုင်ငံလုံးက တိုင်းနဲ့ ပြည်နယ်အသီးသီးမှာ ကွာရန်တင်းစင်တာပေါင်း ၁ သောင်းကျော်ရှိပြီး အသွားအလာကန့်သတ်ထားသူ ၆ သောင်းကျော်ရှိတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ရဲ့ အချက်အလက်တွေမှာ ဖော်ပြပါတယ်။
မေလ ၁၆ ရက်အထိ စာရင်းတွေအရ တစ်နိုင်ငံလုံးက တိုင်းနဲ့ ပြည်နယ်တွေအပါအဝင် နေရာဒေသ ၁၇ ခုမှာ ကွာရန်တင်းစင်တာပေါင်း ၁၀၃၁၃ ခုရှိပြီး အသွားအလာကန့်သတ်ထားသူပေါင်း ၆၀၀၃၀ ဦးရှိတယ်လို့ သိရပါတယ်။ ကွာရန်တင်းစင်တာ အများဆုံးရှိတဲ့ဒေသကတော့ မကွေးတိုင်းမှာဖြစ်ပြီး ကန့်သတ်စောင့်ကြည့်တဲ့နေရာပေါင်း( ၂၇၄၅) ခုရှိကာ အသွားအလာစောင့်ကြည့်ထားသူ (၁၁၃၂၃) ဦးရှိတယ်လို့ သိရပါတယ်။
ရောဂါကူးစက်မှု အများဆုံးရှိနေတဲ့ ရန်ကုန်တိုင်းမှာတော့ ကွာရန်တင်းစင်တာ (၄၈) ခုရှိပြီး အသွားအလာစောင့်ကြည့်ထားသူ (၂၀၅၄) ဦးရှိတယ်လို့ ဆိုပါတယ်။ အဆိုပါ အသွားအလာကန့်သတ်စောင့်ကြည့်ထားသူတွေအနေနဲ့ သတ်မှတ်ကာလ ၂၁ ရက် ပြီးဆုံးပါက နေအိမ်မှာ နောက်ထပ် (၇) ရက် ဆက်လက်စောင့်ကြပ်ကြည့်ရှုသွားမှာဖြစ်တယ်လို့လည်းဆိုပါတယ်။ ဒါ့အပြင် ဖေဖော်ဝါရီ ၃ ရက်ကနေ မေလ ၁၇ ရက်နေ့ မနက်ပိုင်းအထိ ဓာတ်ခွဲနမူနာပေါင်း ၁၃၉၉၉ ဦးကို စစ်ဆေးခဲ့ပြီး ၁၈၂ ဦးမှာ ရောဂါပိုးတွေ့ရှိထားတာဖြစ်တယ်လို့ ဝန်ကြီးဌာန အချက်အလက်တွေ မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ မေလ ၁၇ ရက် ညနေပိုင်းအထိ ရောဂါဖြစ်ပွားတဲ့ မြို့နယ်ပေါင်း ၄၈ ခုရှိနေပြီး ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ် စတဲ့ တိုင်းနဲ့ ပြည်နယ် (၅) ခုနဲ့ မြို့နယ်ပေါင်း (၂၈၂) မြို့နယ်မှာ ပိုးတွေ့လူနာမရှိသေးဘူးလို့လည်းသိရပါတယ်။
လက်ရှိအချိန်အထိ မြန်မာနိုင်ငံမှာ COVID-19 ရောဂါဖြစ်ပွားသူ ၁၈၂ ဦးရှိပြီး ပြန်လည်ကောင်းမွန်လာသူ ၉၅ ဦးရှိကာ အဲဒီထဲကမှ ဆေးရုံဆင်းသွားသူ ၈၃ ဦးရှိပါတယ်။ ဒီရောဂါကြောင့် သေဆုံးသူကတော့ ၆ ဦးရှိနေတယ်လို့လည်း သိရပါတယ်။