ဖန်နီမုန်တိုင်းအရှိန်ကြောင့် တစ်နိုင်ငံလုံးနီးပါးမိုးရွာမှာဖြစ်ပါတယ်

ဖန်နီမုန်တိုင်းအရှိန်ကြောင့် (၂)ရက်အတွင်း တစ်နိုင်ငံလုံးနီးပါး နေရာကျဲကျဲမှ နေရာစိပ်စိပ်မိုးရွာနိုင်ပါတယ်။


ဖန်နီမုန်တိုင်းအရှိန်ကြောင့် မေလ(၄)ရက်နေ့မှ (၅)ရက်နေ့အတွင်း တစ်နိုင်ငံလုံးနီးပါးမိုးရွာမယ်လို့သိရပါတယ်။ ဆိုင်ဂလုန်းမုန်တိုင်းဖန်နီဟာ နောက်(၆)နာရီအတွင်း အားကောင်းသောမုန်တိုင်းငယ်အဖြစ်သို့ အားလျော့နိုင်ပြီး မြောက် -အရှေ့မြောက်ဘက်ကိုရွေ့လျားကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိနိုင်မယ်လို့ခန့်မှန်းထားကြောင်းကို မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ မေလ (၄)ရက်နေ့ နံနက် (၁၀)နာရီ မိနစ်(၅၀)အချိန်ကထုတ်ပြန်ထားပါတယ်။

အဆိုပါ မုန်တိုင်းအရှိန်ကြောင့်၂ရက်တွင်း စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာ နေရာကျဲကျဲမှ နေရာစိပ်စိပ်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ရခိုင်ပြည်နယ်၊ ကယားပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင် ကြောင်းသိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာတော့ မေလ(၁)ရက်နေ့နဲ့ (၃)ရက်နေ့ကလည်း မိုးရွာသွန်းခဲ့ပါတယ်။

မုန်တိုင်းအရှိန်ကြောင့် သတိပေးချက်အနေနဲ့က လေပြင်းတိုက်ခိုက်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနဲ့အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်တာကြောင့် ကုန်းမြင့်ဒေသအနီးမှာ နေထိုင်ကြသူများ မြေပြိုမှု အန္တရာယ်ကိုလည်းကောင်း၊ မြစ်ငယ်ချောင်းငယ်နားတွေမှာ နေထိုင်ကြသူများ သတိပြုနေထိုင်ကြဖို့နဲ့ ပြည်တွင်းလေကြောင်းပျံသန်းရေး၊ ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများ အနေဖြင့် ကြိုတင်သတိပြုကြရန် မိုးဇလမှ ထုတ်ပြန်ကြေညာထားပါတယ်။

Share

Loading Next Article...
က္က