တူတာဗိုကို အမှတ်နဲ့ရှုံးပြီး မစ်ဒယ်ဝိတ်ခါးပတ်ကို လက်လွှတ်ခဲ့ရတဲ့အပြင် ဝိတ်ပိုနေလို့ လျော်ကြေးလည်း ပေးခဲ့ရတာပါ။

မနေ့က ယှဥ်ပြိုင်ထိုးသတ်ခဲ့တဲ့ WLC Battlebones ပြိုင်ပွဲရဲ့ မစ်ဒယ်ဝိတ်တန်း ခါးပတ်ပွဲမှာ လက်ရှိ ချန်ပီယံ တူးတူးကို စိန်ခေါ်သူ ဥဇဘတ်ကစ္စတန် နိုင်ငံသား တူတာဗိုက အမှတ်နဲ့ အနိုင်ယူပြီး ခါးပတ်ကို လွှဲပြောင်းရယူ သွားပါတယ်။
အခုပွဲမတိုင်ခင် သူတို့ နှစ်ဦးက ထိုင်းဖိုက် ပြိုင်ပွဲမှာ တစ်ကြိမ်တွေ့ဆုံဖူးပြီး အဲ့ဒီတုန်းကလည်း တူတာဗိုကပဲ အနိုင်ရထားတာပါ။
အခုတစ်ကြိမ် ပြိုင်ပွဲက မြန်မာ့ရိုးရာလက်ဝှေ့ကို အမှတ်ပေးစနစ်နဲ့ ထိုးသတ်ရတဲ့ပွဲဖြစ်ပြီး တူတာဗိုနဲ့ ထိုးသတ်မယ့် ရက်မှာတူးတူးက သတ်မှတ်ဝိတ်ထက်ပိုနေခဲ့တယ်လို့ WLC Founder ဦးဇေသီဟက သူ့ရဲ့ လူမှု စာမျက်နှာထက် မှာ ရေးသား ဖော်ပြလာပါတယ်။
ဦးဇေသီဟရဲ့ဖော်ပြချက်အရ ပွဲနေ့မှာ သတ်မှတ်ဝိတ်ထက်ပိုနေသူကို စည်းမျဥ်း ၂ ခုနဲ့ ဆုံးဖြတ်စေတယ်လို့သိရပြီး ပထမအချက်က မိမိရတဲ့ ထိုးသတ်ကြေးထဲက ၂၀ ရာခိုင်နှုန်းပေးပြီးတဲ့အပြင် အမှတ်လျော့ခံရမယ်။ဒုတိယ အချက်ကတော့ ပွဲဖျက်ခွင့်ပေးတာပါ။
ဒီအပေါ်မှာတော့ တူတာဗိုဖက်ကအမှတ်လျော့တာကို လက်မခံပဲ တူးတူးကို လက်ရည်တူသာ ယှဥ်ပြိုင်ထိုးသတ် ပြီး ထိုးသတ်ကြေးရဲ့ ၂၀ ရာခိုင်နှုန်းကိုတော့ လက်ခံခဲ့တယ်လို့သိရပါတယ်။
တူးတူးအနေနဲ့ ၀.၄၀ကီလိုဂရမ်ပိုနေခဲ့တာလို့ ရေးသားဖော်ပြချက်အရ သိရပြီး ပိုနေတဲ့ ဝိတ်အနေအထားပေါ် မူတည်ပြီး သတ်မှတ် စည်းမျဥ်း အပြောင်းအလဲ ဖြစ်နိုင်တယ်လို့လည်း ဦးဇေသီဟက သတိပေးထားပါတယ်။
“ကစားသမားတစ်ယောက်က သူ့အတွက်ရှိသင့်တဲ့ ဝိတ်တန်းမှာ ဘယ်အချိန်ဖြစ်ဖြစ် ချိန်လိုက်တိုင်း ရှိနေဖို့လိုပါတယ်။ စားလိုက်သွားလိုက်နဲ့ လေ့ကျင့်ခန်းမဝင် ပျော်ပါးနေရင်တော့ ဝိတ်ကို ထိန်းထားနိုင်မှာ မဟုတ်ပဲ ကိုယ့်ကိုကိုယ်လဲ ပရိုကစားသမားလို့ မခံယူသင့်ပါ။”လို့ ဦးဇေသီဟက သူ့ရဲ့ ဖေ့စ်ဘုတ်လူမှုစာမျက်နှာထက်မှာရေးသားဖော်ပြထားပါ တယ်။
ကမ္ဘာ့လက်ဝှေ့ချန်ပီယံရှစ်(WLC)ပြိုင်ပွဲကို ကျင်းပလာတာ ၁၁ ကြိမ်ရှိပြီ ဖြစ်ပြီး လာမယ့် ၁၂ ကြိမ်မြောက်ပြိုင်ပွဲကိုတော့ လာမယ့် ဧပြီလအတွင်းမှာ ပထမဆုံးအကြိမ်ပြည်ပနိုင်ငံတစ်ခုဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံမှာသွားရောက်ကျင်းပမယ်လို့ လည်းသိထားရပါတယ်။