လူ့အခွင့်အရေးနဲ့ကိုးကွယ်ရာ ဘာသာတရားများအကြောင်း ပိတ်ပင်သွားမယ့် Google ရဲ့ တရုတ်ဗားရှင်း search engine အက်ပလီကေးရှင်း စီမံကိန်းကို ကုမ္ပဏီရဲ့ ဝန်ထမ်းပေါင်း ၁၄၀၀ က ဆန့်ကျင်တဲ့ စာတစ်စောင်မှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
Photo: Daily Mail
Google ဟာ အင်တာနက်ဆင်ဆာ တင်းကြပ်လွန်းတဲ့ တရုတ်နိုင်ငံအတွက် သီးသန့်ပြုပြင်ထားတဲ့ search engine တစ်မျိုးကို မိတ်ဆက်သွားမယ်လို့သတင်းတွေ ထွက်ထားတာပါ။ Dragonfly လို့လျှို့ဝှက်နာမည်ပေးထားတဲ့ ဒီပရောဂျက်အရ Google ရဲ့တရုတ်ဗားရှင်း search engine ဟာ အရေးကြီးတဲ့ စာရိတ္တနဲ့ကျင့်ဝတ်ဆိုင်ရာ ရှာဖွေရေး အခေါ်အဝေါ်များ ရှာဖွေမှုကို ပိတ်ထားတယ်လို့ဆိုပါတယ်။
Intercept သတင်းမှာတော့ Dragonfly ပရောဂျက်ကို ၂၀၁၇ နွေဦးပိုင်းက စတင်ခဲ့ပြီး ကုမ္ပဏီရဲ့ CEO ဆွန်ဒါပီချိုင်းနဲ့တရုတ်အစိုးရတာဝန်ရှိသူများ တွေ့ဆုံပြီး ဒီဇင်ဘာလက တရုတ်မှာ စတင် ဖြန့်ချိခဲ့တယ်လို့ဖော်ပြထားပါတယ်။ Maotai နဲ့Longfei လို့ခေါ်တဲ့ ဗားရှင်းနှစ်မျိုးနဲ့အန်းဒရိုက် app ကို တရုတ်အစိုးရများ ခွင့်ပြုချက် ရမယ်ဆိုရင် ၉ လအတွင်း ဖြန့်ချိသွားဖို့လည်း ရှိပါတယ်။
Google ဝန်ထမ်းများကတော့ ဒီသတင်းကြောင့် ဒေါသထွက်နေပြီး ပွင့်လင်းမြင်သာမှု ရှိဖို့တောင်းဆိုထားပါတယ်။
"လောလောဆယ် ကျွန်တော်တို့ဆီမှ ကျွန်တော်တို့လုပ်နေတဲ့ အလုပ်တွေ ၊ ပရောဂျက်တွေ နဲ့အလုပ်တာဝန်ခန့်ထားမှုနဲ့ပတ်သတ်ပြီး ကျင့်ဝတ်ရှိရှိ အချက်အလက်ပေးတဲ့ ဆုံးဖြတ်ချက်တွေ ချဖို့လိုအပ်တဲ့အချက်အလက်တွေ မရှိပါဘူး" လို့အိတ်ဖွင့်ပေးစာမှာ ဖော်ပြထားပါတယ်။ဝန်ထမ်းတွေအနေနဲ့ကိုယ်ဘာလုပ်နေရသလဲဆိုတာ သိသင့်တယ်လို့လည်း စာမှာ ထည့်ရေးထားပါတယ်။
၂၀၁၀ ခုနှစ်ကတည်းက တရုတ်ဈေးကွက်ကနေ ထွက်ခွာလာခဲ့ရတဲ့ Google ဟာ လက်ရှိအချိန်မှာ တရုတ်နိုင်ငံအတွက် Google Translate ၊ Files Go တို့လို မိုဘိုင်း app များ ထုတ်ထားတဲ့အပြင် JD.com လို တရုတ်နည်းပညာကုမ္ပဏီများမှာ ရင်းနှီးမြှပ်နှံမှုများ လုပ်ဆောင်ထားတယ် လို့ဆိုပါတယ်။ Google ဟာ မကြာသေးခင်ပဲ ပင်တဂွန်စစ်တပ်နဲ့ချုပ်ဆိုထားတဲ့ AI နည်းပညာပိုင်း ပရောဂျက်ကို အဆုံးသတ်ထားပါတယ်။
Photo: BBC
အင်တာနက်သုံးစွဲသူ အများဆုံး ရှိရာ တရုတ်နိုင်ငံမှာ အမေရိကန်အိုင်တီကုမ္ပဏီများ ဝင်ရောက်ဖို့ခက်ခဲနေပါတယ်။ Google ဟာ တရုတ်နိုင်ငံမှာ ရုံးခန်း ၃ ခု ဖွင့်လှစ်ထားပေမယ့် ဝန်ဆောင်မှုများ ပိတ်ပင်ခံထားရပါတယ်။