ပြီးခဲ့တဲ့ ပထမသုံးလပတ်အတွင်း တရုတ်နိုင်ငံမှာ iPad ရောင်းအား အကြီးအကျယ် ကျဆင်းခဲ့ပါတယ်။
၂၀၂၀ ပထမသုံးလပတ်မှာ တရုတ်နိုင်ငံ တက်ဘလက်ဈေးကွက်ဟာ အရင်နှစ်ကထက် ၃၀% ကျဆင်းခဲ့ပါတယ်။ တရုတ်တက်ဘလက်ဈေးကွက် ကျဆင်းနေချိန် Huawei ဟာ တရုတ်နိုင်ငံရဲ့ အကြီးဆုံး တက်ဘလက်အမှတ်တံဆိပ်တစ်ခုအဖြစ် Apple ကို ကျော်တက်ခဲ့တယ်လို့ ဆိုပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့်ထုတ်လုပ်မှု ကြန့်ကြာခဲ့ပြီး ဝယ်လိုအားများလည်း ကျဆင်းခဲ့ပါတယ်။

Photo: Gizmochina
IDC သုတေသနကုမ္ပဏီရဲ့ အစီရင်ခံစာမှာ ရှန်းကျန့်အခြေစိုက် Huawei ရဲ့တက်ဘလက်တင်ပို့မှုဟာ နှစ်အလိုက် ၄.၃% ပိုမြင့်တက်ခဲ့ပြီး ၂၀၂၀ မတ်လအထိ ပထမသုံးလပတ်အတွင်း တက်ဘလက်ပေါင်း ၁.၅ သန်း တင်ပို့ရောင်းချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ Huawei ဟာ တရုတ်နိုင်ငံတက်ဘလက်ဈေးကွက်တစ်ခုလုံးရဲ့ ၄၀.၂% ကြီးစိုးထားပြီး Apple ကတော့ ဈေးကွက်ဝေစုရဲ့ ၃၅.၁% ပဲ ရရှိခဲ့တယ်လို့ South China Morning Post သတင်းမှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့နှစ်မှာ iPad တွေဟာ တရုတ်တက်ဘလက်ဈေးကွက်ရဲ့ ၄၂.၅% ကို ဦးဆောင်ခဲ့တာပါ။ IDC အစီရင်ခံစာအရ Xiaomi ၊ Microsoft နဲ့ Lenovo အားလုံးဟာလည်း ပထမသုံးလပတ်မှာ တက်ဘလက်ရောင်းအား ကျဆင်းမှုနဲ့ ကြုံခဲ့တယ်လို့ ဆိုပါတယ်။ Xiaomi ၊ Microsoft နဲ့ Lenovo တို့ဟာ တရုတ်တက်ဘလက်ဈေးကွက်ရဲ့ ၅.၅% ၊ ၃.၂% နဲ့ ၁.၇% ပဲ ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။
Photo: Telecoms
ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် တရုတ်နိုင်ငံ တက်ဘလက်တင်ပို့မှုဟာ ပထမသုံးလပတ်မှာ သိသိသာသာ ကျဆင်းခဲ့ပေမယ့် ကပ်ဘေးကြောင့် ဖြစ်လာတဲ့ ဈေးကွက်အခွင့်အလမ်းတွေကိုလည်း ကြိုတင်မျှော်လင့်လို့ မရဘူးလို့ IDC အကြီးတန်းသုတေသီ ဂေါင်တီယန်ရှင်းက ပြောပါတယ်။ ဂေါင်ဟာ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် အွန်လိုင်းပညာသင်ကြားမှုနဲ့ အဝေးကနေ အလုပ်လုပ်မှုတွေကနေ ဖော်ဆောင်လာတဲ့ အခွင့်အလမ်းတွေကို ညွှန်းတာပါ။
ကပ်ဘေးအလွန် အနာဂါတ်မှာလည်း IDC အနေနဲ့ တယ်လီဆက်သွယ်မှုနဲ့ အွန်လိုင်းပညာရေးစနစ်တွေဟာ ပိုပြီး တွင်ကျယ်လာဖို့ ရှိလို့ တက်ဘလက်ထုတ်လုပ်သူတွေဟာလည်း ရောင်းအားမြင့်တက်လာမယ့်အလားအလာ ရှိတယ်လို့ IDC က ခန့်မှန်းထားပါတယ်။