Twitter သူဌေးသစ် အီလွန်မတ်စ်ဟာ လူမှုကွန်ရက်ကုမ္ပဏီရဲ့ လစဉ်ကြေးဝန်ဆောင်မှုဈေးကို တိုးမြှင့်လိုက်ပြီ ဖြစ်ပါတယ်။
ပရီမီယံအထူး Features တွေ အသုံးပြုချင်သူအတွက် လစဉ်ကြေးပေးဆောင်ရတဲ့ Twitter Blue ကို တစ်လ ဒေါ်လာ ၈ ဒေါ်လာနှုန်း ကောက်ခံသွားမယ်လို့ ဆိုပါတယ်။ အရင်က Twitter Blue ကို တစ်လ ၄.၉၉ ဒေါ်လာနှုန်း ကောက်တာ ဖြစ်ပါတယ်။ အီလွန်မတ်စ်ရဲ့ လက်ထက်မှာ Twitter Blue ရဲ့ လစဉ်ကြေးကို ၃ ဒေါ်လာ (၆၀%) တိုးပြီး ၈ ဒေါ်လာနှုန်းနဲ့ ကောက်ခံဖို့ စီစဉ်လာတာပါ။
Photo: Bitcoin.com News
Twitter ပိုင်ရှင်သစ် အီလွန်မတ်စ်က Twitter Blue ရဲ့ လစဉ်ကြေးသစ်အကြောင်း နိုဝင်ဘာ ၂ ရက်နေ့က ကြေညာလိုက်တာပါ။ Blue Mark ရထားတဲ့ ပုဂ္ဂိုလ်တွေကို ကောက်ခံမယ့် ဒီလစဉ်ကြေးသစ်ဟာ တခြားနိုင်ငံတွေမှာ ဝယ်ယူရေးစွမ်းအားတစ်စိတ်တစ်ပိုင်းနဲ့ အချိုးချပြီး ဈေးနှုန်းသတ်မှတ်လိုက်တာလို့ ဆိုပါတယ်။ Twitter Blue ကို လစဉ်ကြေးဆောင်ထားသူဟာ လူမှုကွန်ရက်ပေါ်မှာ ကြော်ငြာမြင်တွေ့ရမှု ပိုနည်းလာပြီး အသံနဲ့ဗွီဒီယိုဖိုင်အရှည်တွေ တင်နိုင်တော့မှာပါ။
ကုမ္ပဏီကို အီလွန်မတ်စ်မဝယ်ခင်ကတည်းက ဒီ Feature ကို Twitter က စမ်းသပ်ခဲ့တာပါ။ Twitter Blue မှာ Reply ပြန်တာ ၊ Mentions ခေါ်တာနဲ့ Twitter ရဲ့ ရှာဖွေရေးဆိုင်ရာ လုပ်ဆောင်ချက်တွေကိုလည်း အသုံးပြုသူအကြိုက် ဦးစားပေးစိစစ်လို့ ရတော့မှာပါ။ နောက်တစ်ခုက Twitter Blue မှာ အခပေးစာရင်းသွင်း ဝယ်ပြီး အကြောင်းအရာကန့်သတ်ချက်တွေကို ကျော်လွှားနိုင်စွမ်းလည်း ပါဝင်လာတော့မှာပါ။
အစောပိုင်းက ထွက်ပေါ်ခဲ့တဲ့သတင်းတွေအရ Tesla နဲ့ SpaceX CEO ဖြစ်တဲ့ အီလွန်မတ်စ်ဟာ Twitter Blue လချင်းပေး အစီအစဉ်ကို တစ်လ ဒေါ်လာ ၂၀ အထိ တိုးပြီး အကောင့်အတည်ပြုမှုအတွက် စာရင်းသွင်းဖို့ စဉ်းစားနေတယ်လို့ ဖော်ပြခဲ့ပါတယ်။ နောက်ပိုင်းမှာ နာမည်ကျော်စာရေးဆရာကြီး စတီဖင်ကင်းက ဒီလို ဈေးထိုးတင်တဲ့ကိစ္စကို ဝေဖန်တဲ့ Tweet တင်ပြီးနောက် မတ်စ်က လစဉ်ကြေးဈေးနှုန်းကို ပြန်သုံးသပ်လာတာ ဖြစ်ပါတယ်။
"လစဉ်ကြေးကိုတော့ တစ်နည်းနည်းနဲ့ ပေးဖို့ လိုပါတယ်။ Twitter က ကြော်ငြာရှင်တွေပေါ်ချည်း အားမကိုးပါဘူး။ ၈ ဒေါ်လာနှုန်းဆိုရင်ရော ဘယ့်နှယ်လဲ" လို့ မတ်စ်က ပြန်တုံ့ပြန်ခဲ့တာပါ။
မတ်စ်ရဲ့ အဆိုအရ Twitter Blue ပေါ်က အပြောင်းအလဲတွေဟာ content ဖန်တီးသူတွေကို ထောက်ခံဖို့ နည်းလမ်းတစ်ခုပေးထားတယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း Twitter ရဲ့ နာမည်ကျော်ဂိမ်းသတင်းအကောင့်ပိုင်ရှင် Nibellion ပိုင်ရှင်က Twitter ကို အီလွန်မတ်စ်ဝယ်ယူမှုနဲ့ သူ့အလုပ်ကနေ ငွေရှာရေးမှာ ကြုံလာတဲ့ အခက်အခဲကြောင့် Twitter ပလက်ဖောင်းကို စွန့်ခွာလိုက်ပြီလို့ ကြေညာခဲ့ပါတယ်။
Photo: flipboard
Twitter ကို အီလွန်မတ်စ် ဝယ်ပြီးနောက် အပြောင်းအလဲတွေ ဆက်တိုက် ဖြစ်လာနေပါတယ်။ The New York Times သတင်းအရ မတ်စ်ဟာ ဝန်ထမ်းအင်အား ၇၅၀၀ ရှိတဲ့ Twitter ကုမ္ပဏီရဲ့ လူအား ၅၀% အထိကို အလုပ်လျှော့ဖို့ ညွှန်ကြားထားတယ်လို့လည်း ဖော်ပြထားပါတယ်။ ဒါ့အပြင် အရင်က မအောင်မြင်ခဲ့တဲ့ Twitter ရဲ့ ဗွီဒီယိုဝန်ဆောင်မှုတစ်ခုဖြစ်တဲ့ Vine ကိုလည်း ပြန်အသက်သွင်းဖို့ လုပ်နေတယ်လို့ ဆိုပါတယ်။
Share