နောက်ထပ်ကြီးထွားမှုအတွက် အခန်းဖွဲ့လိုက်တာပါ

၁၅ နှစ် လုံးလုံး ကိုယ့်ခြေကိုယ့်လက် တည်ထောင်ခဲ့တဲ့ Twitter ကနေ ထွက်ခွာတော့မယ်လို့ ကြေညာလိုက်ပြီးနောက် ဂျက်ခ်ဒေါ်ဆီဟာ လမ်းကြောင်းသစ်တစ်ခုကို ဦးတည်လိုက်ပြီ ဖြစ်ပါတယ်။ 



Twitter တည်ထောင်သူ ဂျက်ခ်ဒေါ်ဆီဟာ ဒီတစ်ပတ်အင်္ဂါနေ့မှာ ကုမ္ပဏီရဲ့အမှုဆောင်အရာရှိချုပ်တာဝန်ကနေ နှုတ်ထွက်လိုက်ပြီလို့ ကြေညာခဲ့တာပါ။ သူ့နေရာမှာ Twitter နည်းပညာအမှုဆောင်အရာရှိချုပ် ပါရက် အဂ္ဂရာဝယ်က CEO အဖြစ် တာဝန်ယူသွားမှာပါ။ ရွှေကွင်းတပ်နှာခေါင်းနဲ့ မုတ်ဆိတ်ရှည်ရှည် ထားရှိပြီး တစ်နေ့ထမင်းတစ်နပ်စာနဲ့ ခြိုးခြံတင်းတိမ်တဲ့ အလေ့အကျင့်ရှိတဲ့ သူဟာ ကုမ္ပဏီအပေါ် အပြည့်အဝအာရုံမစိုက်ဘူးဆိုပြီး Twitter ရင်းနှီးမြှပ်နှံသူတွေရဲ့ ဖိအားနဲ့လည်း ကြုံနေပါတယ်။ 


Photo: Independent

ဒေါ်ဆီဟာ Twitter အပြင် ဒီဂျစ်တယ်ငွေပေးချေမှုပလက်ဖောင်းတစ်ခုဖြစ်တဲ့ Square ကိုလည်း တည်ထောင်ပြီး CEO တာဝန်ယူထားသူလည်း ဖြစ်ပါတယ်။ Twitter CEO ရာထူးကို ပါရက်ကို လွှဲခဲ့ပြီးနောက် နှစ်ရက်အကြာမှာ သူဟာ Square Inc ရဲ့ ကော်ပိုရိတ်နာမည်ကို Block အဖြစ် ပြောင်းကြောင်း ကြေညာလိုက်ပါတယ်။ လုပ်ငန်းနာမည်ပြောင်းတာဟာ ဒီဇင်ဘာ ၁၀ ရက်နေ့က စပြီး တရားဝင်အကျုံးဝင်မယ်လို့လည်း Business Insider သတင်းက ဆိုပါတယ်။ 

လုပ်ငန်းနာမည်သစ်အောက်မှာ မူလက စတင်ခဲ့တဲ့ ကတ်ငွေချေစနစ်ကနေ ပိုပြီး ကျယ်ပြန့်တဲ့ ငွေပေးချေမှုကဏ္ဍဘက်ကို ပြောင်းလဲလာမှာပါ။ အတော်များများကတော့ ဂျက်ခ်ဒေါ်ဆီ အာရုံကျနေတဲ့ Bitcoin ပိုင်းကို ပိုပြီး အာရုံစိုက်လာလိမ့်မယ်လို့ ယူဆနေကြပါတယ်။ 

"Block အဖြစ် နာမည်ပြောင်းတာဟာ ကုမ္ပဏီရဲ့ ဖွံ့ဖြိုးမှုကို အသိအမှတ်ပြုလိုက်တာပါ။ လုပ်ငန်းစတင်ခဲ့တဲ့ ၂၀၀၉ ခုနှစ်ကတည်းက စလို့ ကုမ္ပဏီဟာ Cash App ၊ TIDAL နဲ့ TBD54566975 စတဲ့လုပ်ငန်းတွေကို စီးပွားရေးလုပ်ငန်းထဲ ပေါင်းထည့်ခဲ့ပါတယ်။ နာမည်ပြောင်းတာက နောက်ထပ်ကြီးထွားမှုအတွက် အခန်းဖွဲ့လိုက်တာပါပဲ"လို့ ကုမ္ပဏီက ဆိုပါတယ်။ 


Photo: Apple Insider

နည်းပညာကုမ္ပဏီကြီးတွေ လုပ်ငန်းနာမည်ပြောင်းတာ အဆန်းတော့လည်း မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ တစ်လလောက်ပဲ Facebook လည်း ကုမ္ပဏီရဲ့ လုပ်ငန်းစုနာမည်ကို Meta အဖြစ် ပြောင်းခဲ့ပါတယ်။ Meta လုပ်ငန်းစုအောက်မှာ Metaverse ဆိုတဲ့ ပုံရိပ်‌ယောင်ကမ္ဘာတည်ဆောက်ရေးစီမံကိန်းဆီ ဦးတည်တော့မှာ ဖြစ်ပါတယ်။ နာမည်ကျော် Google ကုမ္ပဏီကလည်း လွန်ခဲ့တဲ့ ၆ နှစ်က Alphabet အဖြစ် နာမည်ပြောင်းခဲ့ပါတယ်။ 

Square ဟာ Credit-Card Reader တွေ ရောင်းချခြင်းပြီး လုပ်ငန်းစတင်ခဲ့တာပါ။ နောက်ပိုင်းမှာ Cryptocurrency နဲ့ Blockchain နည်းပညာပိုင်းပါ အာရုံစိုက်ပြီး လုပ်ငန်းတိုးချဲ့မှုတွေ လုပ်ဖို့ ပြင်ဆင်နေပါတယ်။ Square CEO ဂျက်ခ်ဒေါ်ဆီကိုယ်တိုင်ကလည်း Bitcoin ထုတ်တဲ့ Mining System တစ်ခု တည်ဆောက်ဖို့ စိတ်ဝင်စားကြောင်း ထုတ်ပြောထားပါတယ်။ 

Share

Loading Next Article...
က္က