အမေရိကန်နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Microsoft ဟာ TikTok ကို ဝယ်ဖို့ ကြိုးပမ်းသလို Twitter ကလည်း TikTok နဲ့ လက်တွဲဖို့အတွက် စိတ်ဝင်စားနေတယ်လို့ ဆိုပါတယ်။
ဆန်ဖရန်စစ္စကိုအခြေစိုက် Twitter ဟာ နာမည်ကျော် video-sharing app ဖြစ်တဲ့ TikTok နဲ့ ပူးပေါင်းဖို့အတွက် ကနဦးဆွေးနွေးညှိနှိုင်းမှုတွေ လုပ်နေတယ်လို့ Wall Street Journal သတင်းက ဖော်ပြထားပါတယ်။ Twitter နဲ့ TikTok နှစ်ခုစလုံးကတော့ ဈေးကွက်ကောလာဟလတွေ အပေါ် မှတ်ချက်ချဖို့ ငြင်းဆန်ထားပါတယ်။

Photo: deccanherald
Microsoft ကတော့ TikTok လုပ်ငန်းစုတွေကို ဝယ်ယူမယ့်အကြောင်း တရားဝင်ထုတ်ဖော်ပြောကြားထားပြီး ဝယ်ယူမယ့် ငွေကြေးပမာဏကိုတော့ ပြောကြားခြင်း မရှိသေးပါဘူး။ Microsoft လောက် ငွေအင်အားမလိုက်နိုင်တဲ့ Twitter ကတော့ TikTok နဲ့ စွန့်စားပြီး အကျိုးတူပူးပေါင်းဖို့ စဉ်းစားနေတာလည်း ဖြစ်နိုင်ပါတယ်။
သမ္မတဒေါ်နယ်ထရမ့်ဟာ ပြီးခဲ့တဲ့ ကြာသာပတေးနေ့မှာပဲ တရုတ်လူမှုကွန်ရက်ကုမ္ပဏီ ByteDance ပိုင် TikTok နဲ့ အမေရိကန်ကုမ္ပဏီတွေအကြား စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်မှုကို ပိတ်ပင်မယ့် ညွှန်ကြားချက်အမိန့်တစ်ခုမှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဩဂုတ်လ ၆ ရက်မှာ ထုတ်ပြန်တဲ့ ဒီအမိန့်ဟာ ၄၅ ရက်အတွင်း အာဏာသက်ဝင်မှာ ဖြစ်ပါတယ်။
Photo: thaipbsworld
Microsoft ဟာ စက်တင်ဘာ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး TikTok နဲ့ အရောင်းအဝယ်အပြီးသတ်နိုင်ဖို့ စီစဉ်နေပါတယ်။ဩဂုတ်လ ၂ ရက်နေ့က Microsoft ရဲ့ ထုတ်ပြန်ချက်အရ ကုမ္ပဏီရဲ့ CEO ဆတ္တယာ နာဒဲလာဟာ TikTok ရဲ့ အမေရိကန် ၊ ဩစတြေးလျ ၊ ကနေဒါ နဲ့ နယူးဇီလန် လုပ်ငန်းတွေကို ဝယ်ယူဖို့အရေးအတွက် သမ္မတထရမ့်နဲ့ စကားပြောထားတယ်လို့ ဆိုပါတယ်။
TikTok ကုမ္ပဏီကတော့ သမ္မတထရမ့်ရဲ့ ပိတ်ပင်မှုဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီညွတ်ခြင်း မရှိကြောင်း TikTok က တုန့်ပြန်ထားပြီး တရားစွဲဖို့ ပြင်နေပါတယ်။ NPR သတင်းအရ TikTok ဟာ အစောဆုံး လာမယ့် အင်္ဂါနေ့မှာ ထရမ့်အစိုးရအဖွဲ့ကို တရားစွဲဖို့ ရှိတယ်လို့လည်း ဖော်ပြထားပါတယ်။