“အရင်ကတော့ စီအီးအိုမလာခင်က လေး၊ ငါးယောက်လောက်ပဲလာတယ်။ အခု သူလာတယ်ဆိုတဲ့နောက်ပိုင်းမှာ နှစ်ဆယ်လောက် စာရင်းသွင်းတယ်။ နောက်တစ်သုတ်မှာဆိုရင်တော့ လေးဆယ်လောက် စာရင်းသွင်းတယ်။ အများဆုံးက အနောက်နိုင်ငံကလာပါတယ်” လို့ ပြင်ဦးလွင်မှ ရိပ်သာတာဝန်ခံ ဦးစန်းဝင်းက Duwun ကို ပြောပါတယ်။
အဲ့ဒီတရားရိပ်သာမှာ ဘာသာစကား ၅၄ မျိုးနဲ့ ကျင့်စဉ်တွေကို သင်ကြားပေးတာဖြစ်ပြီး မည်သည့် ဘာသာဝင်မဆို လာရောက်တရားအားထုတ်လို့ ရတယ်လို့ သိရပါတယ်။
ပြည်တွင်းမှလာရောက်ပြီး တရားစခန်းဝင်တဲ့နှုန်းကတော့ အရမ်းများလာတာမျိုး မရှိဘူးလို့ သိရပြီးတော့ အဲ့ဒီရိပ်သာမှာ တရားအားထုတ်သူတွေအနေနဲ့ စကားပြောခွင့်၊ ဖုန်းသုံးခွင့်မရှိဘဲ သတ်သတ်လွတ်စားရတာတွေ ကျင့်သုံးရမယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလတုန်းက ပြင်ဦးလွင်မှ အဆိုပါရိပ်သာကို Twitter စီအီးအို ဂျက်ဒေါ်စီ လာရောက်တရားအားထုတ်ခဲ့ပြီး မြန်မာနိုင်ငံက သာယာတဲ့အကြောင်းနဲ့ မွေးနေ့အဖြစ် ဆယ်ရက်တရားစခန်းဝင်ခဲ့တဲ့ အကြောင်းကို ၎င်းရဲ့ Twitter မှာ ပြန်လည်ဝေမျှခဲ့တာပါ။ သူ့ရဲ့ ဝေမျှမှုတွေအပြီးမှာ မြန်မာနိုင်ငံမြောက်ပိုင်းမှ ဖြစ်ရပ်တွေနဲ့ နှိုင်းယှဉ်ကာ ဂျက်ဒေါ်စီကို အပြင်းအထန် ဝေဖန်မှုတွေ ရှိလာခဲ့ပြီး ဒေါ်စီက ပြန်လည်ဖြေရှင်းခဲ့ရပါတယ်။