• Featured

    Twitter ဝန်ထမ်းများ အမြဲတမ်း အိမ်ကနေ အလုပ်လုပ်နိုင်မည်

ရုံးတက် မတက်ဟာ ဝန်ထမ်းတွေရဲ့ သဘောလို့ ဆိုပါတယ်

Twitter ကုမ္ပဏီဟာ ဝန်ထမ်းများ ရက်အကန့်အသတ်မရှိ ရုံးတက်စရာမလိုတဲ့ မူဝါဒသစ်ကို ချမှတ်ကြောင်း ကြေညာထားပါတယ်။

Twitter ရဲ့ CEO ဂျက်ဒေါ်ဆီဟာ ဒီတစ်ပတ်အင်္ဂါနေ့မှာပဲ မူဝါဒသစ်အကြောင်း ဝန်ထမ်းများကို အသိပေးလိုက်တာ ဖြစ်တယ်လို့ BuzzFeed News သတင်းမှာ ဖော်ပြထားတာပါ။ COVID-19 ခြိမ်းခြောက်မှု မရှိတော့တဲ့ နောက်ပိုင်းမှာလည်း ဝန်ထမ်းအများစုကို ကိုယ့်အိမ်ကနေပဲ အချိန်အကန့်အသတ်မရှိ အလုပ်လုပ်ခွင့်ပြုသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

image

Photo: Commercial Observer

"ကျွန်တော်တို့ ဝန်ထမ်းတွေရဲ့ အလုပ်အနေအထားဟာ အိမ်ကနေ လုပ်လို့ ရမယ်ဆိုရင် သူတို့လည်း အမြဲတမ်း အိမ်ကနေပဲ လုပ်ချင်ကြမှာပါ။ အဲ့ဒီအတိုင်း ဖြစ်အောင်လည်း ကျွန်တော်တို့ လုပ်ပေးသွားမှာပါ" လို့ Twitter ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က The Verge ကို ပြောပါတယ်။ "ဝန်ထမ်းတွေအနေနဲ့ အိမ်ကနေ မလုပ်ချင်ဘူး ၊ ရုံးလည်း စိတ်ချလက်ချ ပြန်ဖွင့်လို့ ရပြီဆိုရင် နောက်ထပ် ကြိုတင်သတိထားမှုတွေ လုပ်ထားတဲ့ ကျွန်တော်တို့ရုံးတွေဟာ သူတို့ကို ဝမ်းမြောက်ဝမ်းသာ ကြိုနေမှာပါ"

ရုံးတွေ ပြန်ဖွင့်ဖို့ ဆိုတာဟာ ကုမ္ပဏီရဲ့ ဆုံးဖြတ်ချက်ပဲ ဖြစ်ပြီး ဝန်ထမ်းတွေ ရုံးပြန်တက်မလား/ဘယ်အချိန် ပြန်တက်မလဲဆိုတာကတော့ ဝန်ထမ်းတွေ အပိုင်း ဖြစ်တဘ်လို့လည်း ကုမ္ပဏီက ထုတ်ပြန်ထားပါတယ်။ ရုံးတွေကို စက်တင်ဘာမတိုင်ခင်အထိ ဖွင့်ဖို့ အစီအစဉ်မရှိသေးသလို စီးပွားရေးအရ ခရီးသွားလာမှုကိုလည်း စက်တင်ဘာမတိုင်ခင် လုပ်ဆောင်သွားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

Photo: SCMP

ဒါတွေဟာ အလွန်နည်းပါးတဲ့ ချွင်းချက်နဲ့မှ လုပ်ဆောင်မယ့်အရာတွေ ဖြစ်ပြီး ၂၀၂၀ နှစ်ကုန်တဲ့အထိ လူအချင်းချင်းတွေ့ဆုံမယ့် ပွဲတွေကို ကျင်းပသွားမှာ မဟုတ်ဘူးလို့လည်း သိရပါတယ်။ Twitter အနေနဲ့ ဒီနှစ်အကုန်လောက်မှာ လာမယ့်နှစ်မှာ လုပ်မယ့်ပွဲတွေနဲ့ပတ်သက်လို့ ဆန်းစစ်မှုတွေ လုပ်ဆောင်သွားမှာပါ။ Twitter ဝန်ထမ်းတွေဟာ မတ်လ ၁၂ ရက်နေ့ကတည်းက အိမ်ကနေ အလုပ်လုပ်နေရတာ ဖြစ်ပါတယ်။

Twitter CEO ဂျက်ဒေါ်ဆီကတော့ အိမ်ကနေ အလုပ်လုပ်သူတွေအတွက် ထောက်ပံ့ကြေး ဒေါ်လာ ၁၀၀၀ ပါ ပေးသွားမယ်လို့ ဆိုပါတယ်။ တစ်ခြား နည်းပညာကုမ္ပဏီကြီး နှစ်ခု ဖြစ်တဲ့ Facebook နဲ့ Google တို့ကလည်း ဝန်ထမ်းအများစုကို ၂၀၂၀ နှစ်အကုန်အထိ အိမ်ကနေ အလုပ်လုပ်ခွင့်ပြုထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က