ရီးရဲလ်မက်ဒရစ်ရဲ့ တောင်ပံကစားသမား ဂါရတ်ဘေးလ်ဟာ မနေ့ညက အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့တဲ့နောက် ရော်နယ်ဒိုရဲ့ ချန်ပီယံလိဂ်ဖလား (၅) ကြိမ်ရ မှတ်တမ်းကို လိုက်မှီသွားခဲ့ပါတယ်။ ဂါရတ်ဘေးလ်ဟာ လီဗာပူးနဲ့ပွဲမတိုင်ခင် ကြံ့ခိုင်မှုပြည့်ဝခဲ့ပေမယ့် ဒီပွဲမှာ ပါဝင်ကစားခွင့်တော့ မရရှိခဲ့ပါဘူး။

ရီးရဲလ်မက်ဒရစ်ဟာ ဗီနီရှပ်စ်ရဲ့ တလုံးတည်းသောသွင်းဂိုးနဲ့အတူ လီဗာပူးကို အနိုင်ရရှိပြီး သူတို့အတွက် (၁၄) ကြိမ်မြောက် ဥရောပချန်ပီယံဆုဖလားကြီးကို ဆွတ်ခူးနိုင်ခဲ့တာပါ။ အဲ့ဒါကြောင့်လည်း ဂါရတ်ဘေးလ်က ချန်ပီယံလိဂ်ဖလား (၅) ကြိမ်ရ ကစားသမားတယောက်ဖြစ်လာခဲ့ပြီး ရော်နယ်ဒိုရဲ့ မှတ်တမ်းနဲ့ တူညီသွားခဲ့တာပါ။

ဒါပေမယ့် ထူးခြားတဲ့အချက်က ဂါရတ်ဘေးလ်ဟာ ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ စုစုပေါင်း (၇) မိနစ်သာ ပါဝင်ကစားခွင့်ရရှိခဲ့ပြီး ပရိသတ်တွေကတော့ ဂါရတ်ဘေးလ်ရဲ့ ကံဇာတာကို နောက်ပြောင်နေကြပါတယ်။ ဂါရတ်ဘေးလ်ဟာ ဒီတရာသီလုံး ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရပြီး လာမယ့်နွေရာသီမှာ အသင်းကနေ ထွက်ခွာတော့မှာဖြစ်ပါတယ်။
ဂါရတ်ဘေးလ်ဟာ ရီးရဲလ်မက်ဒရစ်နဲ့အတူ (၂၀၁၄)၊ (၂၀၁၆)၊ (၂၀၁၇)၊ (၂၀၁၈) နဲ့ အခု (၂၀၂၂) တို့မှာ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။ အခု ထိပ်တိုက်တွေ့ခဲ့တဲ့ ပြိုင်ဘက် လီဗာပူးကိုလည်း ဂါရတ်ဘေးလ်က (၂၀၁၈) ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ နောက်ပြန်ကန်ချက်အပါအဝင် နှစ်ဂိုးသွင်းယူပေးနိုင်ခဲ့ပါသေးတယ်။
ဒီတခေါက်မှာ ဂါရတ်ဘေးလ် ပါဝင်ကစားခွင့်မရခဲ့သည့်တိုင် ချန်ပီယံလိဂ်ဆုဖလားကြီးနဲ့ အောင်ပွဲခံချိန်မှာတော့ ရှေ့ဆုံးတန်းမှာ နေရာယူ အောင်ပွဲခံခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်တို့ ဒီရာသီ လာလီဂါအမှတ်ပေးချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ချိန်မှာတော့ ဂါရတ်ဘေးလ်ဟာ နောက်ကျောဒဏ်ရာပြဿနာကြောင့် အသင်းဖော်တွေနဲ့အတူ အောင်ပွဲခံနိုင်ခဲ့ခြင်းမရှိပါဘူး။