Fake Review တောင်းပြီး ပစ္စည်းရောင်းတဲ့ တရုတ်ကုန်ပစ္စည်းအမှတ်တံဆိပ် ၆၀၀ ကျော်ကို Amazon က ထာဝရပိတ်ပင်လိုက်တယ်လို့ ဆိုပါတယ်။
The Verge သတင်းရဲ့ အတည်ပြုချက်အရ Amazon ဟာ မတူတဲ့ အရောင်းသမားအကောင့် ၃၀၀၀ ကနေ တင်တဲ့ တရုတ် Brands ၆၀၀ ကျော်ကို အပြီးတိုင် ပိတ်ပင်လိုက်တာလို့ ဆိုပါတယ်။ Amazon ရဲ့ ငါးလကြာ ကမ္ဘာလုံးအနှံ့ စိစစ်အရေးယူမှုလုပ်ပြီးနောက် အခုလို Brands ရာပေါင်းများစွာ ဖြုတ်ချခံခဲ့ရတာလည်း ဖြစ်ပါတယ်။ အခုလို ပိတ်ချလိုက်တဲ့ တရုတ် Brands ၆၀၀ ဟာ Amazon ပလက်ဖောင်းရဲ့ မူဝါဒကို သိလျက်နဲ့ ဆိုးဝါးတဲ့ ကျူးလွန်မှုတွေ ဆက်တိုက်လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

Photo: Asia Times
အထူးသဖြင့် ကုန်ပစ္စည်းအပေါ် သုံးစွဲသူအမြင် Review ပိုင်းမှာ လိမ်ညာမှုတွေ လုပ်ဆောင်ခဲ့တာလို့လည်း သိရပါတယ်။ Amazon Asia ဒုဥက္ကဌ စင်ဒီတိုင်နဲ့ South China Morning Post အင်တာဗျူးမှာတော့ ကုမ္ပဏီအနေနဲ့ တရုတ် ဒါမှမဟုတ် တခြားဘယ်နိုင်ငံကိုမှ ပစ်မှတ်ထားပိတ်ပင်တာမျိုး ရည်ရွယ်ချက် မရှိဘူးလို့လည်း ဆိုပါတယ်။ ပိတ်လိုက်တဲ့ Brand နာမည်အားလုံး မသိရပေမယ့် နာမည်ကြီး Brand တွေ ဖြစ်တဲ့ Aukey Mpow ၊ RavPower နဲ့ Vava စတဲ့ အမှတ်တံဆိပ်တွေလည်း ပိတ်ခံရတဲ့အထဲမှာ ပါနေပါတယ်။
"ပလက်ဖောင်းပေါ်က တလွဲလမ်းမှာ အသုံးချနေတာတွေကို ဆက်လက်စောင့်ကြည့်နေသလို review abuse လုပ်တာအပါအဝင် မူဝါဒကို ထပ်တလဲလဲ ချိုးဖောက်နေတာမျိုးကိုလည်း သိရှိအရေးယူနိုင်ရေးကို စဉ်ဆက်မပြတ်လုပ်ဆောင်နေပါတယ်။ ဒါက ကုမ္ပဏီရဲ့ ဖောက်သည်များအတွက်ရော ရိုးရိုးသားသား စီးပွားရေးလုပ်နေတဲ့ လုပ်ငန်းတွေအတွက်ရော အကျိုးများစေဖို့ လုပ်ဆောင်တာပါ။"လို့ ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်မှာ ဆိုပါတယ်။
Photo: Business Insider
တရုတ် Brands တချို့ဟာ အပြုသဘောဆောင်တဲ့ review ပေးသူတွေကို ၃၅ ဒေါ်လာတန် gift card ပေးနေတယ်ဆိုပြီး Wall Street Journal သတင်းထောက် နစ်ကိုးငုရင်က ရေးခဲ့ပါတယ်။ Amazon ဟာ ၂၀၁၆ ခုနှစ်ကစပြီး review rating ကောင်းပေးသူတွေကို Discount ပေးတာ ၊ ပစ္စည်းတွေ Free ပေးတာ စတဲ့ လာဘ်ပေးတဲ့လုပ်ရပ်ကို ပိတ်ပင်ခဲ့တာပါ။
ပြီးခဲ့တဲ့ ဇူလိုင်လဆန်းပိုင်းမှာလည်း paid review လုပ်တဲ့ တရုတ်လက်လီအရောင်းလုပ်ငန်း Shenzhen Youkeshu Technology (YKS) ပိုင် အွန်လိုင်းစတိုး ၃၄၀ နဲ့ ဒေါ်လာသန်း ၂၀ ကျော်တန်တဲ့ ပိုင်ဆိုင်မှုတွေလည်း Amazon က စာရင်းပိတ်ခဲ့တယ်လို့ ဆိုပါတယ်။ Amazon ရဲ့ အခုလို ပိတ်ပင်ဖို့ဆုံးဖြတ်ချက်ကြောင့် တရုတ်ကုမ္ပဏီအများအပြာဟာ တခြား e-Commerce လုပ်ငန်းတွေ ဖြစ်တဲ့ eBay နဲ့ Ali Express တို့မှာ ရင်းနှီးမြှပ်နှံလာဖို့လည်း ရှိပါတယ်။