• Featured

    တရုတ်နိုင်ငံအတွင်းက LinkedIn ဝန်ဆောင်မှု Microsoft ဖြုတ်ချ

ဂျာနယ်လစ်တွေရဲ့ LinkedIn profiles ပိတ်ခံရပြီးနောက် အခုသတင်းထွက်လာတာပါ

အင်တာနက်ဆင်ဆာတည်းဖြတ်မှု မြင့်တက်လာနေတဲ့ တရုတ်နိုင်ငံမှာ ကုမ္ပဏီပိုင် LinkedIn ဝန်ဆောင်မှု ပိတ်သိမ်းသွားမယ်လို့ Microsoft က ဆိုပါတယ်။ 

အမေရိကန်လူမှုကွန်ရက်ကုမ္ပဏီတွေရဲ့ ဝန်ဆောင်မှုတွေ ဝင်မရတဲ့ တရုတ်ဈေးကွက်မှာ LinkedIn ဟာ နောက်ဆုံးကျန်နေတဲ့ အထင်ကရအမေရိကန် လူမှုကွန်ရက်တစ်ခုလည်း ဖြစ်ပါတယ်။ ဂျာနယ်လစ်တချို့ရဲ့ LinkedIn profiles တွေ ပိတ်ခံရမှုအပေါ် မေးခွန်းထုတ်ခံရပြီးတဲ့နောက် LinkedIn အနေနဲ့ တရုတ်ကနေ ထွက်ခွာမယ့်အကြောင်း သတင်းထွက်လာတာပါ။ 

image


Photo: Tech .co

"တရုတ်နိုင်ငံအတွင်းမှာ လုပ်ငန်းလည်ပတ်ဖို့ ရပ်ဝန်းနဲ့ လိုက်နာရမယ့်လိုအပ်ချက်တွေ စိန်ခေါ်မှု သိသိသာသာမြင့်တက်လာမှုကြောင့် LinkedIn ကို ရပ်ဆိုင်းတာ ဖြစ်တယ်" လို့ Microsoft က ပြောပါတယ်။ တရုတ်ဈေးကွက်က ထွက်မယ်ဆိုပေမယ့် နှစ်ကုန်ပိုင်းမှာ InJobs လို့ ခေါ်တဲ့ အလုပ်အကိုင်ရှာဖွေရေး သီးသန့်ဗားရှင်းတစ်ခု ဖြန့်ချိသွားမယ်လို့လည်း ဆိုပါတယ်။ တရုတ်သီးသန့် InJobs ဝန်ဆောင်မှုမှာ LinkedIn လိုမျိုး Social feeds တွေ တင်တာ ၊ သတင်းဆောင်းပါးတွေ post တင်တာ ၊ share တာမျိုးတွေ ပါလာတော့မှာ မဟုတ်ပါဘူး။ 

"ဒီနှစ် အကုန်ပိုင်းမှာ တရုတ်နိုင်ငံအတွင်းက LinkedIn ဗားရှင်းကို ရပ်သွားမှာ ဖြစ်ပေမယ့် နှစ်ကုန်ပိုင်းလောက် ထွက်မယ့် InJobs app သစ်ကို ဖြန့်ချိဖို့ စိတ်လှုပ်ရှားနေပါတယ်။ ကျွန်တော်တို့ရဲ့ နည်းဗျူဟာသစ်ကို ဆက်ပြီး မောင်းနှင်ဖို့ တရုတ်နိုင်ငံအတွင်းမှာ အားကောင်းကောင်းနဲ့ ဆက်ပြီး ရှိနေဦးမှာပါ။" လို့ ကုမ္ပဏီက ထုတ်ပြန်ပါတယ်။ 


Photo: japantoday


LinkedIn ရဲ့ အရင် အမေရိကန်ရဲ့ နာမည်ကျော်လူမှုကွန်ရက်ပလက်ဖောင်းနဲ့ ဝက်ဘ်ဆိုက်တွေဖြစ်တဲ့ Twitter ၊ Facebook နဲ့ Google တို့ဟာ တရုတ်နိုင်ငံအတွင်းက ထွက်ခွာခဲ့တာ ဆယ်စုနှစ်နဲ့ချီ ကြာခဲ့ပြီ ဖြစ်ပါတယ်။ LinkedIn ဟာ ၂၀၁၄ ခုနှစ်က တရုတ်နိုင်ငံမှာ စတင်ဖြန့်ချိခဲ့တာ ဖြစ်ပြီး ဖြန့်ချိချိန်ကလည်း နိုင်ငံရဲ့ တင်းကြပ်တဲ့အင်တာနက် ဥပဒေတွေနဲ့အညီ features အကန့်အသတ်နဲ့ ဝန်ဆောင်မှုပေးခဲ့ရတာပါ။ 

Microsoft ဟာ ၂၀၁၆ မှာ LinkedIn ကို ဒေါ်လာ ၂၆.၂ ဘီလျံနဲ့ ဝယ်ယူခဲ့ပြီး ပြီးခဲ့တဲ့ ဇူလိုင်လက ကုမ္ပဏီ CEO ဆတ္တယာ နာဒဲလာက LinkedIn ရဲ့ နှစ်စဉ် ဝင်ငွေဟာ ဒေါ်လာ ၁၀ ဘီလျံခန့် ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က