အဆိုတော် ထူးအယ်လင်း ကိုယ်တိုင်ဆောင်ရွက်တဲ့ ပရဟိတအလှူ၊ ကုသိုလ်ရေးတွေ အတွက် ကိုဥက္ကာကျော်နဲ့ ဆုပန်ထွာ တို့ ဇနီးမောင်နှံက ငွေကြေးအလှူ ထည့်ဝင်အားဖြည့်ခဲ့ပါတယ်။
Photo: Su Pan Htwar
သရုပ်ဆောင် ဆုပန်ထွာနဲ့ ခင်ပွန်းဖြစ်သူ ကိုဥက္ကာကျော်တို့ဟာ အဆိုတော် ထူးအယ်လင်း ဆောင်ရွက်တဲ့ ကုသိုလ်ရေးတွေမှာ ပါဝင်နိုင်ဖို့ ငွေကျပ် ၂ သိန်းလှူခဲ့တယ်လို့ သိရပါတယ်။
‘’ဆိုင်ကယ်ချစ်သူ ညီအကိုမောင်နှမများမှဦးစီးသည့် (ကိုထူးအယ်လင်းတို့အဖွဲ့) ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ညောင်ပင်သာမြို့ ကျီးရိုးကျေးရွာအုပ်စုတွင် တစ်ဆယ့်ရှစ်တောင်ပြည့်အသစ်တည်ဆောက်မည့် (ရေတွင်းကုန်းရွာစေတီ) အုတ်မြစ်ချမင်္ဂလာ ကျင်းပပြုလုပ်ရန်အတွက် ကျွန်တော်တို့မိသားစုမှ ၂၀၀၀၀၀ ကျပ် လှုတန်းခဲ့ပါတယ်ခင်ဗျာ’’ ဆိုပြီးတော့ ဆုပန်ထွာရဲ့ ခင်ပွန်းဖြစ်သူ ကိုဥက္ကာကျော်ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ မနက် ၁၀ နာရီ ၄၁ မိနစ်က ရေးသားခဲ့တာဖြစ်ပါတယ်။
Photo: Su Pan Htwar
ထူးအယ်လင်း(Htoo El Lin)ဟာ လက်ရှိမှာ ဂီတအလုပ်တွေထက် ပရဟိတအလုပ်တွေကို စွမ်းစွမ်းတမံ လုပ်နေသူဖြစ်ပါတယ်။ သူ့အနေနဲ့ မီးဘေးသင့်ဒေသတွေသာမက ရေဘေးသင့်ဒေသတွေ၊ မီးသဂြိုဟ်စက် လိုအပ်တဲ့နေရာတွေ၊ လူနာတင်ယာဉ် လိုအပ်တဲ့နေရာတွေမှာလည်း လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။ သူဟာ အမှန်တကယ် လိုအပ်မှုရှိနေတဲ့ ဒေသတွေကို စုံစမ်းလေ့လာ လှူဒါန်းနေသူတစ်ယောက်ပါ။
Photo: Su Pan Htwar
ကိုဥက္ကာကျော်နဲ့ ဆုပန်ထွာတို့ ဇနီးမောင်နှံဟာ အလှူအတန်းနဲ့ ပတ်သက်လာရင် လက်မနှေးတတ်ကြသူတွေ ဖြစ်ပါတယ်။ သူတို့ မိသားစုလေးဟာ ကြာသာပတေးနေ့တိုင်း ဆွမ်းလောက်အလှူလေး ပြုလုပ်လေ့ရှိပါတယ်။ ဘုရား၊ တရား အပြင် ကုသိုလ်ရေးတွေကို ပုံမှန်လုပ်တတ်တဲ့ ဇနီးချောလေး ဆုပန်ထွာကြောင့် ကိုဥက္ကာကျော်လည်း ဘာသာရေးကို အများကြီးပိုလုပ်ပြီး သူကိုယ်တိုင်လည်းအများကြီး ပြောင်းလဲလာတယ်လို့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။
Photo: Su Pan Htwar
ကိုဥက္ကာကျော်နဲ့ ဆုပန်ထွာတို့ ဇနီးမောင်နှံဟာ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ က အမေရိကန်နိုင်ငံ Santa Monica ကမ်းခြေမှာ မင်္ဂလာပွဲပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ၂၀၁၆ ခုနှစ်အတွက်မှာ သားလေး Roar Roar Kyaw လေးကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာတော့ သူတို့ရဲ့ မင်္ဂလာသက်တမ်း၄ နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ အခုဆိုရင်တော့ ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားကြပါတယ်။