မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ ဆိုးလ်ရှားဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က နယူးကာဆယ်အသင်းကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် နောက်ထပ်ဖိအားတွေ ထပ်မံဝင်ရောက်သွားခဲ့ပြီး အသင်းကလည်း အမှတ်ပေးဇယားအဆင့် ၁၂ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ အိုးထရက်ဖို့ဒ်မှာ ကာလရှည် အစားထိုးခန့်အပ်ဖို့အတွက် လိုက်ဇစ်အသင်းနည်းပြ ဂျူလီယန်နေဂယ်မန်းကို အနီးကပ် စောင့်ကြည့်နေတယ်လို့ FourFourTwo ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
ဆိုးလ်ရှားရဲ့ နည်းပြရာထူးဟာ ခြိမ်းခြောက်မှုနဲ့ နီးကပ်နေပုံမရဘဲ အသင်းရဲ့ထိပ်ပိုင်းတာဝန်ရှိသူတွေက ပြန်လည်တည်ဆောက်ရေးလုပ်ငန်းစဉ်ဟာ အချိန်ယူဖို့ လိုအပ်လိမ့်မယ်ဆိုတာ အပြည့်အဝသတိပြုမိနေတယ်လို့ သိရပါတယ်။
ဒါပေမယ့်လည်း မန်ချက်စတာယူနိုက်တက်အသင်းဟာ အနာဂတ်နဲ့ပတ်သက်ပြီး စတင်စဉ်းစားနေပြီလို့ သိရပြီး Daily Mail ရဲ့ ဖော်ပြချက်အရ လာမယ့်နှစ်မှာ နေဂယ်မန်းကို ဆိုးလ်ရှားရဲ့နေရာမှာ အစားထိုးခန့်အပ်ဖို့ ဖြစ်နိုင်ဖွယ်နည်းပြအဖြစ် လျာထားတယ်လို့ သိရပါတယ်။
နေဂယ်မန်းဟာ အသက် ၂၈ နှစ်အရွယ်မှာ နည်းပြဘဝကို စတင်ခဲ့သူဖြစ်ပြီး တန်းဆင်းမယ့်အရေးနဲ့ ရင်ဆိုင်နေရတဲ့ ဟော်ဖန်ဟိမ်းအသင်းကို တန်းဆင်းဇုန်ကနေ လွတ်မြောက်အောင် စွမ်းဆောင်နိုင်ခဲ့သူ ဖြစ်ပါတယ်။
ဒါ့အပြင် ဟော်ဖန်ဟိမ်းအသင်းကို နောက်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး ၂၀၁၆-၂၀၁၇၊ ၂၀၁၇-၂၀၁၈ ၂ ရာသီစလုံးမှာ အဆင့် ၃ နေရာမှာ ရပ်တည်နိုင်အောင် နည်းပြ ပေးနိုင်ခဲ့တာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ နေဂယ်မန်းကို နည်းပြအဖြစ် မကြာမီအချိန်အတွင်း ခန့်အပ်သွားဖွယ်မရှိသေးဘူးလို့ သိရပြီး မော်ရင်ဟိုအသေးစားလို့ နာမည်ကြီးနေတဲ့ နေဂယ်မန်းကို အနီးကပ် ဆက်လက်စောင့်ကြည့်သွားဖို့တော့ စီစဉ်ထားတယ်လို့ သိရပါတယ်။