ဆိုမာလီယာနိုင်ငံ မြောက်ပိုင်းရှိ ဟိုတယ်တစ်ခုကို သေနတ်သမားများက တိုက်ခိုက်ခဲ့မှုအတွင်း ထင်ရှားတဲ့ ဂျာနယ်လစ်တစ်ဦးနဲ့ နိုင်ငံခြားသားအချို့ အပါအဝင် လူ ၂၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း BBC သတင်းက ပြောပါတယ်။
(ဟိုတယ်တိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့သည့် ကစ်မာယိုမြို့) (Photo: AFP/Getty Images)
ဆိုမာလီယာမြောက်ပိုင်း ဆိပ်ကမ်းမြို့ဖြစ်တဲ့ ကစ်မာယိုမြို့ရှိ Asasey ဟိုတယ်အတွင်းကို အသေခံ ဗုံးခွဲသူတစ်ဦးက ဖောက်ခွဲရေးပစ္စည်းများရှိတဲ့ ကားတစ်စီးဖြင့်ဝင်တိုက်ခဲ့ပြီးနေက် သေနတ်သမားတွေက အဆောက်အအုံကို စီးနင်းခဲ့ကြပါတယ်။ အဆိုပါ ဟိုတယ်တိုက်ခိုက်ခံရမှုအတွင်း သေဆုံးခဲ့သူတွေအနက် အသက် ၄၃ နှစ်အရွယ် ဂျာနယ်လစ် Hodan Naleyah နဲ့ သူမရဲ့ခင်ပွန်းတို့လည်း ပါဝင်ခဲ့ပါတယ်။
Hodan Naleyah ဟာ ဆိုမာလီယာနဲ့ ဆိုမာလီရွှေ့ပြောင်းနေထိုင်သူတွေရဲ့ ဘဝအကြောင်းကို Integration TV အမည်ဖြင့် တီဗီအစီအစဉ် စီစဉ်တင်ဆက်နေသူလည်း ဖြစ်ပါတယ်။ လတ်တလော သူမ တင်ဆက်နေတာကတော့ ဆိုမာလီယာနိုင်ငံမှ အမျိုးသမီး စွန့်ဦးတီထွင်သူတွေနဲ့ Las Anod မြို့မှာ လုပ်ဆောင်စရာတွေအကြောင်း အဓိကထားတဲ့ အစီအစဉ်လို့ဆိုပါတယ်။
(ဂျာနယ်လစ် Hodan Naleyah) (Photo: @farhanjimale/Twitter)
အယ်လ်ရှာဘတ် (al-Shabab) အစ္စလာမ်မစ်အစွန်းရောက်အုပ်စုက ယခုတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ Asasey ဟိုတယ်တိုက်ခိုက်ခံရမှုဟာ ၂၀၁၂ ခုနှစ်မှာ အယ်လ်ရှာဘတ်အုပ်စုကို တိုက်ထုတ်ခဲ့ပြီးနောက်ပိုင်း အဆိုးရွားဆုံး တိုက်ခိုက်မှုလည်းဖြစ်လာပါတယ်။
အခြား သေဆုံးခဲ့သူတွေအနက် ဒေသခံ နိုင်ငံရေးသမားတစ်ဦး၊ ကင်ညာလူမျိုးသုံးဦး၊ တန်ဇန်းနီးယားလူမျိုးသုံးဦး၊ အမေရိကန်နှစ်ဦးနဲ့ ဗြိတိန်တစ်ဦးတို့လည်း ပါဝင်ကြောင်း ဆိုမာလီယာ အာဏာပိုင်တွေက ပြောပါတယ်။ တိုက်ခိုက်မှုဖြစ်ပွားစဉ် ဟိုတယ်အတွင်း ဒေသခံ နိုင်ငံရေးသမားတွေနဲ့ မျိုးနွယ်စုအကြီးအကဲတွေက လာမယ့် ဒေသဆိုင်ရာရွေးကောက်ပွဲကိစ္စကို ဆွေနွေးနေခဲ့ကြတယ်လို့ ဆိုပါတယ်။
(တိုက်ခိုက်ခံရသည့် ဟိုတယ်) (Photo: AFP/Getty Images)
မျက်မြင်တွေရဲ့အဆိုအရ ကြီးမားတဲ့ ပေါက်ကွဲသံကြီးတစ်ခု ကြားခဲ့ရပြီးနောက် သေနတ်သမားတွေ ဟိုတယ်ထဲကို ဝင်ရောက်သွားခဲ့တယ်လို့ သိရပါတယ်။ "ဟိုတယ်ထဲမှာ ဗြောင်းဆန်နေတာပဲ၊ အလောင်းအချို့ကို ဟိုတယ်ကနေ သယ်ထုတ်ခဲ့တာနဲ့ အနီးအနား အဆောက်အအုံတွေကနေ လူတွေ ထွက်ပြေးနေတာ တွေ့ခဲ့ရတယ်" လို့ မျက်မြင်တွေ့ရှိခဲ့သူ Hussein Muktar က ပြောပါတယ်။
(တိုက်ခိုက်မှုဖြစ်ပွားခဲ့သည့် နေရာမြင်ကွင်းတစ်ခု) (Photo: AFP/Getty Images)
စီးနင်းတိုက်ခိုက်ခံရတဲ့ ဟိုတယ်ကို ပြန်လည်ထိန်းချုပ်နိုင်ရန် အာဏာပိုင်တွေက အချိန် ၁၂ နာရီကြာ စစ်ဆင်းရေးလုပ်ဆောင်ခဲ့ရပါတယ်။ Asasey တိုက်ခိုက်ခံရမှုအတွင်း လူ ၂၆ ဦး သေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရခဲ့ကြောင်း ဒေသဆိုင်ရာ အကြီးအကဲဖြစ်သူ Ahmed Mohamed က ပြောခဲ့ပါတယ်။ ဟိုတယ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ သေနတ်သမားတွေလည်း လုံခြုံရေးတပ်ဖွဲ့က စီးနင်းမှုအတွင်း သေဆုံးခဲ့ပြီး တစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။