ခွေးကို သတိလက်လွတ်စွာ တိုက်ခိုက်ခဲ့မှုကြောင့် ပြစ်ဒဏ်ကျခံရဖွယ်ရှိနေပါတယ်။
မြန်မာနိုင်ငံကနေ ထိုင်ဝမ်ကိုလာတဲ့ ဧည့်သည်တစ်ဦးက ထိုင်ဝမ် Taoyuan လေဆိပ်မှာ အသားတွေအနံ့ခံတဲ့ခွေးနဲ့ ခွေးထိန်းကျောင်းသူ တာဝန်ကျဝန်ထမ်းကို တိုက်ခိုက်ခဲ့တာကြောင့် ဖမ်းဆီးစစ်ဆေးခံနေရတယ်လို့ Apple Daily သတင်းက ဖော်ပြထားပါတယ်။

(ဝက်အပြင်းဖျားရောဂါကြောင့် တားမြစ်ထားတဲ့အသားတွေကို အနံ့ခံရှာဖွေတဲ့ အနံ့ခံခွေးတစ်ကောင်) (Photo: Apple News)

ပြီးခဲ့တဲ့ အင်္ဂါနေ့က အသက် ၆၁ နှစ်အရွယ် ရှောင်ကျူဆိုတဲ့ မြန်မာနိုင်ငံမှ အမျိုးသားတစ်ဦးက ထိုင်ဝမ်လေဆိပ်မှာ အသားအနံ့ခံခွေးက ၎င်းကိုအနံံ့ခံစစ်ဆေးခဲ့ပါတယ်။ စစ်ဆေးစဉ်မှာတော့ အသားသယ်ဆောင်လာတာမျိုးမတွေ့ရဘဲ ၎င်းသယ်ဆောင်လာတဲ့ ပလပ်စတစ်အိတ်ဖြင့် အသားထုတ်ပိုးခဲ့ပုံရတာကြောင့် အနံ့ခံခွေးက သတိပြုမိခဲ့တယ်လို့ ဆိုပါတယ်။



အနံ့ခံခွေးက ရှာဖွေနေစဉ်မှာ အဆိုပါအမျိုးသားက သတိလက်လွတ်စွာ တိုက်ခိုက်ခဲ့တယ်လို့ အဆိုပါ သတင်းဌာနက ရေးသားထားပါတယ်။ အနံ့ခံခွေးကို ခရီးဆောင်အိတ်တွေ သယ်ဆောင်တဲ့ တွန်းလှည်းနဲ့ ပစ်ပေါက်ခဲ့ပြီး ခွေးကိုထိန်းကျောင်းနေတဲ့ ဝန်ထမ်းကိုလည်း ဦးခေါင်းအနောက်ပိုင်းကို ရိုက်ခဲ့တယ်လို့ ဆိုပါတယ်။

လေဆိပ်မှာ X-Ray စက်ဖြတ်သန်းခဲ့ပြီးချိန်မှာလည်း ၎င်းရဲ့ခရီးဆောင်အိတ်ကို ထပ်မံ စစ်ဆေးမှုနေတာတွေကြောင့် ထိုအမျိုးသားဟာ ဒေါသထွက်နေခဲ့တယ်လို့ သတင်းဌာနက ဖော်ပြထားပါတယ်။ လေဆိပ်ရဲတွေက ၎င်းကို ထိုင်ဝမ် ဒေသဆိုင်ရာဥပဒေရုံးသို့ ပို့ဆောင်ခဲ့ပြီး တာဝန်ဝတ္တရားနှောင့်ယှက်မှုနဲ့ လက်ရောက်ကျူးလွန်မှုတို့ဖြင့် ပြစ်ဒဏ်ကျခံရဖွယ်ရှိတယ်လို့ သိရပါတယ်။

ထိုင်ဝမ်မှာ ပြီးခဲ့တဲ့ လအနည်းငယ်မှစပြီး အာဖရိက ဝက်အပြင်းဖျားရောဂါ ကာကွယ်ရေးအတွက် အသားနဲ့ပတ်သတ်တဲ့ ထုတ်ကုန်တွေကို လေဆိပ်ကနေသယ်ဆောင်မှု တားဆီးပိတ်ပင်ရန် အနံ့ခံတဲ့ခွေးတွေ အသုံးပြုကာ စစ်ဆေးနေတာဖြစ်ပါတယ်။

တရုတ်နဲ့ အရှေ့တောင်အာရှ နိုင်ငံသားတွေ ထိုင်ဝမ်ကို လာရောက်ရာမှာ ၎င်းတို့ ခရီးဆောင်အိတ်များထဲမှာ အသားတွေထည့်သွင်း သယ်ဆောင်လာတာမျိုးကို အထူးစစ်ဆေးနေတာဖြစ်ပြီး တားမြစ်အသားတွေသယ်ယူလာရင် ဒဏ်ငွေ အမေရိကန်ဒေါ်လာ (၆၄၉၀) ပေးဆောင်ရမယ်လို့ သိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က