ထိုင်းနိုင်ငံ Khao Yai အမျိုးသားဥယျာဉ်မှာ တောင်ဆင်ရိုင်း ခြောက်ကောင် ရေတံခွန်ထဲသို့ပြုတ်ကျပြီး သေဆုံးခဲ့ကြောင်း သိရပါတယ်။

(Photo: AFP /Thai News Pix/Panupong Changchai)
ဆင်အုပ်စုဟာ တစ်ကောင်နဲ့တစ်ကောင် ကယ်တင်ရန်ကြိုးပမ်းရင်း ရေတံခွန်ထဲကို ပြုတ်ကျခဲ့ဖွယ်ရှိတယ်လို့ တာဝန်ရှိသူတွေက သုံးသပ်ခဲ့ပါတယ်။ ထိုင်းအရှေ့မြောက်ပိုင်း Nakhon Ratchasia ခရိုင်ရှိ Haew Narok ရေတံခွန်မှာ ယနေ့ (အောက်တိုဘာ ၅ ရက်) ဖြစ်ပွားခဲ့တဲ့ မတော်တဆဖြစ်ရပ်မှ အခြား ဆင်နှစ်ကောင်ကို ကယ်တင်နိုင်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ရေတံခွန်ထဲသို့ ပြုတ်ကျသေဆုံးခဲ့တဲ့ ဆင်တွေအနက် သုံးနှစ်အရွယ် ဆင်ငယ်လေးတစ်ကောင်လည်း ပါဝင်ခဲ့ကြောင်း အမျိုးသားဥယျာဉ် အကြီးအကဲ Kanchit Srinoppawan က ဆိုပါတယ်။

(Photo: @EdwinWiek/Twitter)
အဆိုပါ မတော်တဆမှုဖြစ်ပြီးနောက် ရေတံခွန်ကို ယာယီပိတ်ထားခဲ့တယ်လို့ သိရပါတယ်။ " ဒါက မတော်တဆမှုတစ်ခုပါ၊ ဒီလိုဖြစ်တာ မကြာခဏ မြင်တွေ့ဖူးပါတယ်" လို့ နိုင်ငံ့အရင်းအမြစ်များနဲ့ ပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီး Varawut Silpa-archa က Reuters သတင်းဌာနကို ပြောခဲ့ပါတယ်။ Wildlife Friends Foundation Thailand တည်ထောင်သူ Edwin Wiek ကလည်း အလားတူဖြစ်ရပ်မျိုး ၁၉၉၂ ခုနှစ်ကလည်း ယခု ရေတံခွန်မှာပင် ဖြစ်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။
(Photo: Khao Yai National Park)
သစ်တောနဲ့ မြက်ခင်းပြင် အကျယ်အဝန်း ၇၇၂ စတုရန်းမိုင်ရှိတဲ့ Khao Yai အမျိုးသားဥယျာဉ်အတွင်း တောဆင်ရိုင်း အကောင်ရေ ၃၀၀ ဝန်းကျင်ရှိကြောင်း သိရပါတယ်။ အဆိုပါ အမျိုးသားဥယျာဉ်မှာ ဆင်များအပြင် ဝက်ဝံ၊ မျောက်လွှဲကျော် အပါအဝင် တောရိုင်းတိရိစ္ဆာန်မျိုးစုံ ကျက်စားနေထိုင်ကြပြီး ကမ္ဘာလှည့်ခရီးသည် လာရောက်မှုများပြားတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။