• နိုင်ငံမှထွက်ပြေးနေတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လတ် ဆားဘီးယားနိုင်ငံသားဖြစ်လာ

ယင်လတ်က ၂၀၁၇ ခုနှစ်အတွင်း နိုင်ငံမှ ထွက်ပြေးသွားခဲ့ပါတယ်။

နိုင်ငံမှ ထွက်ပြေးသွားခဲ့တဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လတ်ကို ဆားဘီးယားအစိုးရက နိုင်ငံသားအဖြစ် အသိအမှတ်ပြုလိုက်တယ်လို့ ဆိုပါတယ်။

image

(ဝန်ကြီးချုပ်ဟောင်းများဖြစ်တဲ့ သက်ဆင်နဲ့ယင်လတ် မောင်နှမ) (Photo: The Nation)

ဝန်ကြီးချုပ်ဟောင်း ယင်လတ်ဟာ သူမအပေါ် စွဲချက်တင်ထားတဲ့ စီမံခန့်ခွဲမှုဆိုင်ရာ ပေါ့လျော့မှုစွဲချက်များဖြင့် ပြစ်ဒဏ်ချမှတ်ခံရမှုကို တိမ်းရှောင်နိုင်ရန် ၂၀၁၇ ခုနှစ်အတွင်း နိုင်ငံမှ ထွက်ပြေးသွားခဲ့ပါတယ်။ ထို့နောက် အသက် ၅၂ နှစ်အရွယ် ယင်လတ်က သူမရဲ့အစ်ကို ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှိနေတဲ့ ဒူဘိုင်းသို့ သွားရောက်ခဲ့ပါတယ်။

၂၀၀၁ ခုနှစ်မှာ ထိုင်းဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့ သက်ဆင်ဟာလည်း ၂၀၀၆ ခုနှစ် စက်တင်ဘာ ၁၉ ရက်မှာ စစ်တပ်အာဏာသိမ်းမှုဖြင့် ရာထူးမှဖြုတ်ချခံရပြီးနောက် အဂတိလိုက်စားမှုဖြင့် ထောင်ဒဏ်ချမှတ်မှုကို တိမ်းရှောင်ရန်အတွက် ထိုနှစ်အတွင်းမှာပင် နိုင်ငံမှထွက်ပြေးသွားခဲ့ကြောင်း သိရပါတယ်။

(သက်ဆင်နဲ့ယင်လတ် မောင်နှမကို ထောက်ခံသူများ) (Photo: The Nation)

သက်ဆင်ရဲ့ညီမ ယင်လတ်ဟာ ၂၀၁၁ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရရှိပြီး ထိုင်းနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် ဖြစ်ခဲ့ပါတယ်။ သို့သော် သူမဟာလည်း ၂၀၁၄ ခုနှစ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး ဆုံးဖြတ်ချက်ဖြင့် ရာထူးမှဖယ်ရှားခံခဲ့ရပါတယ်။

ပြစ်ဒဏ်ကျခံရမှုကို ရှောင်လွှဲနိုင်ရန် နိုင်ငံမှ ထွက်ပြေးနေခဲ့တဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လတ်ကို ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်မှာ ဆားဘီးယားအစိုးရက နိုင်ငံသားအဖြစ် တရားဝင် အသိအမှတ်ပြုခဲ့ကြောင်း သိရပါတယ်။ ဆားဘီးယား ဥပဒေအရ နိုင်ငံခြားသားတစ်ဦးဟာလည်း ဆားဘီးယားရဲ့ အကျိုးစီးပွားနဲ့ ဆက်စပ်နေပါက နိုင်ငံသားဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

(ထိုင်းနိုင်ငံရဲ့ ပထမဆုံး အမျိးသမီးဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့ ယင်လတ်) (Photo: Reuters)

ယင်လတ်ကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုလိုက်ကြောင်း ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ဆားဘီးယားအစိုးရထုတ်ပြန်ချက်ကို ဒေသခံ မီဒီယာတွေမှာ ယမန်နေ့ (သြဂုတ် ၈ ရက်) က ဖော်ပြခဲ့ကြပါတယ်။ ယင်လတ်ကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုမှုနဲ့ပတ်သက်ပြီး နောက်ထပ် ရှင်းလင်းဖော်ပြမှုတွေကိုတော့ ဆားဘီးယားအစိုးရက ပြောထားခဲ့ခြင်း မရှိဘူးလို့ဆိုပါတယ်။

ယခုသတင်းအပေါ် ဆားဘီးယားအစိုးရ တာဝန်ရှိသူများ၊ ဆားဘီးယားမြို့တော် ဘဲလ်ဂရိတ်မြို့ရှိ ထိုင်းသံတမန်များနဲ့ ယင်လတ်မိသားစုထံမှ လတ်တလော မှတ်ချက်ပေး ပြောကြားမှုတွေ မရှိသေးကြောင်း Reuters သတင်းက ဖော်ပြပါတယ်။ ယင်လတ်မိသားစုဟာ ထိုင်းနိုင်ငံရေးမှာ ၁၅ နှစ်ကျော်ကြာ သြဇာလွှမ်မိုးမှုရှိခဲ့ကြတာလည်း ဖြစ်ပါတယ်။

(လက်ရှိ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ) (Photo: AFP)

ယင်လတ်ဟာ ၂၀၁၁ ခုနှစ်မှာ ထိုင်းနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် ဖြစ်လာခဲ့ပြီးနောက် လယ်သမားများထံမှ စပါးဝယ်ယူမှု အစီအစဉ်နဲ့ဆက်နွယ်ပြီး စွဲချက်တင်ခံခဲ့ရပါတယ်။ ယင်လတ်ကတော သူမအပေါ် စွဲချက်တွေအတွက် အပြစ်မရှိကြောင်း ထွက်ဆိုထားခဲ့ပါတယ်။

ထိုစွဲချက်များအတွက် အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့ပါက ယင်လတ်ဟာ ထောင်ဒဏ် ၁၀ နှစ်အထိ ကျခံရနိုင်ကြောင်းလည်း သိရပါတယ်။ ယင်လတ်ကဲ့သို့ပင် ထိုင်းနိုင်ငံမှ ထွက်ပြေးနေခဲ့တဲ့ သူမရဲ့အစ်ကို ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကိုလည်း မွန်တီနီဂရိုးနိုင်ငံက ၂၀၁၀ ခုနှစ်မှာ နိုင်ငံသားအဖြစ် အသိအမှတ်ပြုထားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က