လူမှောင်ခို အဖွဲ့ကို ချင်းမိုင်ရဲတပ်ဖွဲ့က ရှာဖွေနေပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်မှာ မြန်မာနိုင်ငံသား (၂၆) ဦးကို နှစ်ရက်ကြာ ပိတ်လှောင်ထားတဲ့ လူမှောင်ခိုအဖွဲ့တွေ တထောက်နားနေရာကို ချင်းမိုင်ရဲတပ်ဖွဲ့တွေက ရှာဖွေတွေ့ရှိသွားခဲ့တယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားအရေး ကူညီပေးတဲ့ SAW အဖွဲ့ကနေ သိရပါတယ်။

Photo- SAW



ချင်းမိုင်ခရိုင် စန်ဆိုင်းမြို့နယ်အတွင်းက သစ်သီးခြံတစ်ခြံအတွင်းရှိ ကုန်လှောင်ရုံ အခန်းငယ်ထဲမှာ မြန်မာနိုင်ငံသားတွေကို အပြင်ကနေ သော့ခတ်ပြီး နှစ်ရက်ကြာ ပိတ်လှောင်ထားခဲ့တာ ဖြစ်ပါတယ်။ ပိတ်လှောင်ခံရတဲ့ မြန်မာနိုင်ငံသားတွေနဲ့ လူမှောင်ခိုအဖွဲ့ တွေကို ချင်းမိုင် လူဝင်မှုကြီးကြပ်ရေးဌာနနဲ့ ရဲတပ်ဖွဲ့ဝင်တွေက မေလ (၇) ရက် နေ့လည်ပိုင်းလောက်မှာ ရှာဖွေတွေ့ရှိသွားခဲ့တယ်လို့ သိရပါတယ်။

အထောက်အထား စာရွတ်စာတမ်း ကိုင်ဆောင်ထားခြင်းမရှိတဲ့ မြန်မာနိုင်ငံသား အမျိုးသမီး (၁၅) ဦးနဲ့ အမျိုးသား (၁၁) ဦးဟာ အပူချိန်မြင့်တက်နေတဲ့ ရာသီဥတုကို မခံနိုင်လို့ အချို့ဟာ မူးဝေအာ့အန်ပြီး ချွေးထွက်လွန် မောပန်းနေကြတာတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

Photo- SAW

ူမှောင်ခိုသမားတွေက အဲဒီ မြန်မာနိုင်ငံသားတွေကို ထိုင်းမြန်မာနယ်စပ် မဲဆိုင်မြို့ကနေ ကုန်တင်ကားတွေနဲ့ ခေါ်လာခဲ့ကြတာလို့ ဆိုပါတယ်။ ဘန်ကောက်မြို့အထိ ခေါ်ဆောင်သွားမှာဖြစ်ပြီး ရဲတွေ တွေ့ရှိခဲ့တဲ့နေရာကနေ သူတို့ကို နောက်ထပ်လာခေါ်မယ့် လူမှောင်ခိုသမားတွေကို စောင့်နေခဲ့ကြတာ ဖြစ်ပါတယ်။

ချင်းမိုင်လဝက ဦးစီးအရာရှိ ကိုမန်ဆူဖတ်ကတော့ တရားမဝင် မြန်မာနိုင်ငံသားတွေကို ပိတ်လှောင်ထားတဲ့ ခြံပိုင်ရှင်နဲ့ လူကုန်ကူးမှုမှာ ပတ်သက်နေတဲ့ လူမှောင်ခိုဂိုဏ်းဝင်တွေကို ဆက်လက်ဖေါ်ထုတ် အရေးယူသွားမယ်လို့ ပြောခဲ့ပါတယ်။

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင် ဟာ မြန်မာနိုင်ငံသားတွေ အများဆုံး လာရောက်အလုပ်လုပ်ကိုင်နေကြတဲ့ ဒေသဖြစ်ပါတယ်။ ချင်းမိုင်မြို့မှာတင် တရားဝင် လာရောက် လုပ်ကိုင်နေကြတဲ့ ရှမ်းပြည်နယ်က အများစုပါဝင်တဲ့ မြန်မာနိုင်ငံသား နှစ်သိန်းကျော် ရှိနေတယ်လို့ တရားဝင်ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က