၂၀၀၀ ပြည့်နှစ်မှာထွက်ရှိခဲ့တဲ့ ဟောလိဝုဒ်ရုပ်ရှင်ဇာတ်ကား The Beach နဲ့အတူ ကမ္ဘာကျော်လာခဲ့တဲ့ ထိုင်းနိုင်ငံမှ မာယာပင်လယ်အော်ကမ်းခြေကို ၂၀၂၁ ခုနှစ်အထိ ဆက်လက် ပိတ်ထားမယ်လို့ သိရပါတယ်။
(Photo: Getty Images)
Phi Phi Leh ကျွန်းရှိ မာယာပင်လယ်အော်ကမ်းခြေ (Maya Bay) သို့ လာရောက်လည်ပတ်သူ သိသာစွာ မြင့်တက်လာခဲ့ခြင်းက သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေခဲ့ကြောင်း ထိုင်းအာဏာပိုင်တွေက ပြောခဲ့ပြီးနောက် ယမန်နှစ်အတွင်း အဆိုပါ ကမ်းခြေနေရာကို ယာယီ ပိတ်ပင်ထားခဲ့ပါတယ်။
မာယာကမ်းခြေကို မပိတ်ပင်မီက နေ့စဉ် လူဦးရေ ၅၀,၀၀၀ အထိ လာရောက်ခဲ့ကြမှုကြောင့် ကမ်းခြေတစ်လျှောက်ရှိ သန္တာကျောက်တန်းအများစု ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။ ယခုအခါ မာယာပင်လယ်အော်ကမ်းခြေမှာ ဂေဟစနစ်များ ပုံမှန်ပြန်ဖြစ်လာစေရန် ခရီးသွားများလာရောက်မှုကို နောက်ထပ် ၂ နှစ်ကြာ ဆက်လက် ပိတ်ပင်ထားရန် ထိုင်းအာဏာပိုင်တွေက ဆုံးဖြတ်လိုက်ပါတယ်။
(The Beach ဇာတ်ကားထဲမှ လီယိုနာဒို) (Photo: 20th Century Fox/Kobal/REX/Shutterstock)
မာယာကမ်းခြေ အလှအပတွေကို ဟောလိဝုဒ်စတား မင်းသားလီယိုနာဒို ဒီကာပရီယို ပါဝင်သရုပ်ဆောင်ခဲ့တဲ့ The Beach ဇာတ်ကားထဲမှာ မြင်တွေ့ခဲ့ကြရပြီး ကမ္ဘာလှည့်ခရီးသည်များကြား ရေပန်းစားလာခဲ့တာ ဖြစ်ပါတယ်။ ယမန်နှစ်အတွင်း မာယာပင်လယ်အော်ကမ်းခြေကိုကို လာရောက်ခွင့်ပိတ်ပင်ခဲ့ပြီးနောက် သန္တာကျောက်တန်းတွေအနီး ကျက်စားလေ့ရှိကြတဲ့ blacktip reef ငါးမန်းတွေကို ပယ်လယ်အော်ရေပြင်မှာ မြင်တွေ့လာရတယ်လို့လည်း ဆိုပါတယ်။
မာယာကမ်းခြေနေရာကို ပြန်ဖွင့်ပါကလည်း လာရောက်လည်ပတ်သူ အရေအတွက်ကို ကန့်သတ်ထားသင့်ကြောင်းနဲ့ ပင်လယ်အော်ရေပြင်အတွင်း လှေများ၊ စပိဘုတ်များဝင်ရောက်မှုကို တားမြစ်သင့်ကြောင်း သက်ဆိုင်ရာ ထိုင်းအစိုးရဌာနကို အကြံပြုခဲ့တယ်လို့ ပါမောက္ခ Thon Thamrongnawasawat က ယခုနှစ် ဇန်နဝါရီလအတွင်း BBC ကို ပြောခဲ့ပါတယ်။
(Photo: Getty Images)
ဒေသခံ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတွေကတော့ ၎င်းတို့အနေနဲ့ အဆိုပါ ကမ်းခြေကို မှီခိုအားထားနေရတယ်လို့ ပြောကြပါတယ်။ ကမ်းခြေကိစ္စနဲ့ပတ်သက်ပြီး ပြည်သူတွေကို တွေ့ဆုံရှင်းလင်း ပြောကြားမှုတွေရှိသင့်ကြောင်း၊ သို့မှသာ ဒေသခံ ပြည်သူတွေအနေနဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတစ်ခု ရှာနိုင်ကြမယ်လို့ ဒေသခံ ခရီးသွားလုပ်ငန်းအဖွဲ့အစည်းရဲ့ အကြီးအကဲ Wattana Rerngsamut က AFP သတင်းဌာနကို ပြောခဲ့ပါတယ်။