ချယ်ဆီးကွင်းလယ်ကစားသမား ဒန်နီဒရင့်ဝါတာဟာ အခြားဘောလုံးသမားတစ်ဦးရဲ့ ချစ်သူမိန်းကလေးတစ်ယောက်နဲ့ အိပ်ဖို့ ကြိုးစားခဲ့တဲ့အတွက် လူရမ်းကားတွေရဲ့ ဝိုင်းဝန်းထိုးကြိတ်ခြင်းကို ခံခဲ့ရတယ်လို့ The Sun ရဲ့သတင်းအရ သိရပါတယ်။
အသက် ၂၉ နှစ်အရွယ်ရှှိပြီဖြစ်တဲ့ ဒရင့်ဝါတာဟာ ဘန်လေအသင်းကို အငှားနဲ့ သွားရောက်ကစားနေသူဖြစ်ပြီး မန်ချက်စတာက Chinawhite ကလပ်မှာ အမူးလွန်ခဲ့တယ်လို့ သိရပါတယ်။
ဒရင့်ဝါတာကို လုံခြုံရေးတွေက ဆွဲထုတ်ခဲ့တယ်လို့ သိရပြီး ကလပ်အပြင်အရောက်မှာ လူရမ်းကား ၆ ဦးက အသွားတုံးတဲ့အရာဝတ္ထုနဲ့ ဒရင့်ဝါတာကို တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ သတင်းရင်းမြစ်တစ်ဦးရဲ့ပြောကြားချက်အရ အခင်းဖြစ်ပွားရာနေရာမှာ သွေးကွက်တွေ ပြန့်ကြဲနေတယ်လို့ သိရပါတယ်။
လူရမ်းကားတွေဟာ ဒရင့်ဝါတာရဲ့ ခြေချင်းဝတ်အပေါ်ကို တက်ခုန်ခဲ့ကြပြီး ‘ခြေထောက်ကို ဝိုင်းချိုးကြ’လို့ အော်ဟစ်ခဲ့ကြတယ်လို့ သိရပါတယ်။ ဒရင့်ဝါတာဟာ အခြားဘောလုံးသမားတစ်ဦးရဲ့ ချစ်သူကို စကားပြောဖို့ ကြိုးပမ်းခဲ့ပြီးနောက် တိုက်ခိုက်ခြင်းကို ခံခဲ့ရတာဖြစ်တယ်လို့ သိပါတယ်။
ဒရင့်ဝါတာက တိုက်ခိုက်ခံနေရစဉ်အတွင်း ‘ဂရုမစိုက်ဘူး ဟေ့ကောင်။ သူ ငါနဲ့အတူ အိမ်ကို လိုက်မှာ’လို့ အော်ဟစ်နေခဲ့တာကို ကြားခဲ့ရတယ်လို့ အခင်းဖြစ်ပွားရာ မနီးမဝေးမှာရှိတဲ့ သတင်းရင်းမြစ်တစ်ဦးက The Sun ကို ပြောကြားခဲ့ပါတယ်။
စကန်းသော့ယူနိုက်တက်ကစားသမား Kgosi Ntlhe က ၎င်းရဲ့ချစ်သူမိန်းကလေးကို မနှောင့်ယှက်ဖို့ ဒရင့်ဝါးတားကို ပြောခဲ့ပေမယ့် ဒရင့်ဝါတာက စတင်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ရုန်းရင်းဆန်ခတ်ဖြစ်လာတာကြောင့် ကလပ်လုံခြုံရေးတွေက ဒရင့်ဝါတာကို အပြင်ကို ဆွဲထုတ်ခဲ့ပြီး လူရမ်းကား ၆ ဦးက ဆိုးရွားတဲ့ဒဏ်ရာဒဏ်ချက်တွေရအောင်ပြုလုပ်ပြီး ဒရင့်ဝါတာကို ထားပစ်ခဲ့ကြတယ်လို့ သိရပါတယ်။