ဩဂုတ်လ ၅ ရက်နေ့မှာ ကျင်းပသွားမယ့် Unpacked ပွဲမှာ Samsung ဟာ ထုတ်ကုန်သစ် ၅ မျိုးကို ကြေညာသွားမှာ ဖြစ်တယ်လို့ ကုမ္ပဏီရဲ့ မိုဘိုင်းလ်ဌာနအကြီးအကဲမှ အတည်ပြုထားပါတယ်။
Samsung မိုဘိုင်းဆက်သွယ်ရေးလုပ်ငန်း အကြီးအကဲဖြစ်သူ တေမွန်းရို့တင်ထားတဲ့ ဘလော့ဂ်ပို့စ်မှာ "ဒီနွေရာသီ Galaxy Unpacked ပွဲမှာ ကျွန်တော်တို့ဟာ စွမ်းဆောင်ရည်မြင့် ထုတ်ကုန်သစ် ၅ မျိုးကို ကြေညာသွားမှာပါ။ သင့်ရဲ့ လက်ထဲ (နားနဲ့ လက်ကောက်ဝတ်ပေါ်မှာ) ကနေတစ်ဆင့် ဒီထုတ်ကုန်တွေဟာ သက်ဝင်လှုပ်ရှားတဲ့ ဘဝတစ်ခုကို အပြည့်ဝဆုံး ဖြည့်ဆည်းနိုင်မှာ ဖြစ်ပါတယ် " လို့ ဖော်ပြထားပါတယ်။

Photo: CNBC
Galaxy Note 20 စီးရီးသစ်နဲ့အတူ မိတ်ဆက်သွားမယ့် ထုတ်ကုန်သစ်တွေရဲ့ နာမည်ကို ထုတ်ပြောခြင်း မရှိပေမယ့် Samsung ဟာ Galaxy Note 20 စီးရီး ၊ Galaxy Z Flip 5G ၊ Galaxy Z Fold 2 ၊ Galaxy Watch 3 နဲ့ Galaxy Buds Live တို့ကို ကြေညာသွားမယ်လို့ ယူဆရပါတယ်။ ဒီအခမ်းအနားဟာ ကျင်းပဖူးသမျှ Galaxy Unpacked ပွဲတွေထဲမှာ ထုတ်ကုန်အများဆုံး မိတ်ဆက်တဲ့ ပွဲလည်း ဖြစ်မှာပါ။
သတင်းတွေအရ Samsung ဟာ တန်ဖိုးသင့် Galaxy Note ဖုန်းသစ်ပါ မိတ်ဆက်သွားမယ်လို့ ဆိုပါတယ်။ Galaxy Note စီးရီးအနေနဲ့ Galaxy Note 20 ၊ Galaxy Note 20 Plus နဲ့ Galaxy Note 20 Ultra တို့ကို မြင်ရမှာ ဖြစ်ပါတယ်။ ကြိုးမဲ့နားကြပ်သစ် Galaxy Buds Live နဲ့ စမတ်နာရီသစ်ဖြစ်တဲ့ Galaxy Watch 3 ကလည်း ဒီပွဲမှာ စိတ်ဝင်စားဖို့ကောင်းမယ့် ထုတ်ကုန်တွေ ဖြစ်ပါတယ်။
Photo: Gizmochina
Samsung ရဲ့ ခေါက်သိမ်းနိုင် စမတ်ဖုန်းသစ်တွေမှာ ပလတ်စတစ်အစား Glass Display ကို သုံးသွားဖို့ ရှိပြီး အတွင်းပိုင်းမှာ ပိုကြီးတဲ့ screen နဲ့ လာဖို့ ရှိပါတယ်။ လာမယ့် ဩဂုတ်လထဲ မိတ်ဆက်သွားမယ့် ဖုန်းသစ်အားလုံးဟာ 5G ကွန်ရက်ချိတ်ဆက်နိုင်တဲ့ ထုတ်ကုန်တွေ ဖြစ်ဖို့ ရှိပါတယ်။ ဈေးနှုန်းအနေနဲ့လည်း အရင် Galaxy Note 10 ထက် နည်းနည်း သက်သာမယ်လို့ သတင်းထွက်နေပါတယ်။
ဒီပွဲဟာ COVID-19 lockdown ကာလအပြီး ပထမဆုံးကျင်းပလိုက်တဲ့ Samsung ရဲ့ Unpacked event လည်း ဖြစ်သလို ပထမဆုံးအကြိမ် Virtual Event အနေနဲ့ အွန်လိုင်းပေါ်မှာ ကျင်းပသွားမယ့် ပွဲလည်း ဖြစ်ပါတယ်။