ဘုရင်ကို ဝေဖန်မှု လုပ်နေတဲ့ အဖွဲ့ဝင် ၁ သန်းခန့် ရှိ Group တစ်ခုကို ထိုင်းအစိုးရမှ တရားစွဲမယ့်အကြောင်း ခြိမ်းခြောက်ခဲ့ပြီးနောက် Facebook ဟာ ဒီ group ကို နိုင်ငံအတွင်း သုံးမရအောင် ပိတ်ပင်လိုက်ပါတယ်။
ထိုင်းနိုင်ငံရဲ့ ဘုရင်စနစ်ကို အကြည်ညိုပျက်စေမှုတွေ ပါတဲ့ content တွေကို ဖြုတ်ချဖို့ ပျက်ကွက်ခဲ့တဲ့အပေါ် တရားစွဲသွားမယ်လို့ ထိုင်းအစိုးရအဖွဲ့မှ ပြောကြားခဲ့ပြီးနောက် Royalist Marketplace အဖွဲ့ကို ဖြုတ်ချလိုက်တာ ဖြစ်တယ်လို့ The Guardian သတင်းက ဖော်ပြထားပါတယ်။
Photo: Yahoo Sports
ဒီအဖွဲ့ကို ဂျပန်မှာ နေထိုင်တဲ့ ပညာရှင်နဲ့ ထိုင်းဘုရင့်စနစ်ဝေဖန်သူ ပါဗင်ချာချာဗယ်ပွန်းပန်က ဧပြီလထဲမှာ ဖန်တီးခဲ့တာပါ။ တနင်္လာနေ့ညမှာတော့ Royalist Marketplace group ရဲ့ စာမျက်နှာမှာ "ဒီအဖွဲ့ကို ထိုင်းနိုင်ငံ ဒီဂျစ်တယ်စီးပွားရေးနဲ့ လူ့အဖွဲ့အစည်းဆိုင်ရာ ဝန်ကြီးဌာနရဲ့ ဥပဒေညွှန်ကြားချက်နဲ့အညီ ထိုင်းနိုင်ငံအတွင်း ဝင်ငရောက် ကြည့်ရှုမှု ကန့်သတ်တားမြစ်ထားပါတယ်။"လို့ အကြောင်းကြားစာ တက်လာပါတယ်။
"ကျွန်တော်တို့အဖွဲ့ဟာ ဒီမိုကရက်တိုက်ဇေးရှင်းဖြစ်စဉ်ကြီးရဲ့ အစိတ်အပိုင်းတစ်ခုပါ။ ဒါဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အတွက် နေရာတစ်ခုလည်း ဖြစ်ပါတယ်။ ဒီလိုလုပ်ခြင်း (ပိတ်ခံရ)အားဖြင့် Facebook ဟာ အာဏာပိုင်တွေနဲ့ လက်တွဲပြီး ထိုင်းနိုင်ငံအတွင်း ဒီမိုကရေစီပိတ်ပင်ဟန့်တားဖို့နဲ့ အာဏာရှင်စနစ်ကို ကြီးထွားဖို့ လုပ်နေတာပါပဲ" လို့ ပါဗင်က Reuters ကို ပြောပါတယ်။
ထိုင်းနိုင်ငံမှာ ဘုရင်စနစ်ကို ဝေဖန်သူဟာ ထောင်ဒဏ် ၁၅ နှစ်အထိ ပြစ်ဒဏ်ပေးခံနိုင်ပါတယ်။ ထိုင်းအစိုးရအဖွဲ့ဟာ ဩဂုတ်လ ၁၀ ရက်နေ့မှာ နှစ်ပတ်အတွင်း ဒီ Group ကို ပလက်ဖောင်းပေါ်ကနေ ဖြုတ်ချဖို့ Facebook ကို ညွှန်ကြားခဲ့ပါတယ်။
တကယ်လို့ ဖြုတ်မချဘူးဆိုရင်တော့ ၂၀၁၆ ခုနှစ်မှာ အတည်ပြုခဲ့တဲ့ ထိုင်းနိုင်ငံ ကွန်ပျူတာရာဇဝတ်မှုအက်ဥပဒေအရ တစ်ရက်ကို ဘတ် ၂ သိန်း (ဒေါ်လာ ၆၃၀၀ ကျော်) နှုန်းနဲ့ ဒဏ်ရိုက်သွားမယ်လို့ ဆိုပါတယ်။
Facebook ဟာ ထိုင်းအစိုးရရဲ့ ညွှန်ကြားချက်နဲ့အညီ ဒီ Group ကို ဖယ်ရှားခဲ့ပြီးနောက် အစိုးရအဖွဲ့ကို တရားရေးအရ ရင်ဆိုင်သွားဖို့ စီစဉ်နေတယ်လို့ ပြောပါတယ်။
Photo: thethaiger
"ကျွန်တော်တို့ဟာ အင်တာနက်သုံးစွဲသူတွေရဲ့ အခွင့်အရေးကို ခုခံကာကွယ်ဖို့ လုပ်ရပါတယ်။ ဒါ့ကြောင့် ဒီတောင်းဆိုချက်ကိုတန်ပြန်ဖို့ တရားဥပဒေလမ်းကြောင်းအတိုင်း စီစဉ်နေပါတယ်" လို့ Facebook ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။
Royalist Marketplace group ကို ထောင်ခဲ့တဲ့ ပါဗင်ကတော့ ဒီနာမည်နဲ့ပဲ နောက်ထပ် Group တစ်ခုကို ဖွဲ့စည်းခဲ့ပါတယ်။ အင်္ဂါနေ့အထိ အချက်အလက်တွေအရ ဒီ Group မှာ အဖွဲ့ဝင်ပေါင်း ၄၅၅၀၀၀ ကျော် ရှိနေပြီလို့ ဆိုပါတယ်။ လောလောဆယ်မှာ ထိုင်းနိုင်ငံအတွင်း အစိုးရဆန့်ကျင်ရေးအတွက် လူပေါင်းထောင်နဲ့ချီ ဆန္ဒပြမှု ဖြစ်ပွားနေပါတယ်။
Share