လျှပ်စစ်မီးသုံးစွဲတဲ့သူတွေအနေနဲ့ ဖုန်းထဲကနေ မိမိသုံးစွဲလိုက်တဲ့ မီတာယူနစ် ပမာဏ ဘယ်လောက်အထိ ရှိနေပြီလဲဆိုတာ အချိန်မရွေး ကြည့်ရှုလို့ရမယ့် စနစ်တစ်ခု ဖြစ်လာဖို့ ဆောင်ရွက်နေတယ်လို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးစိုးမြင့်က ပြောလိုက်ပါတယ်။
ဒီကနေ့ မေလ ၁၅ ရက်နေ့က နေပြည်တော် ဝန်ကြီးရုံးမှာ ပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။
“ ဖုန်းထဲကနေပြီးတော့ အချိန်မရွေး သုံးစွဲတဲ့သူဟာ ကိုယ်သုံးနေတဲ့ယူနစ်ဘယ်လောက်ရှိပြီလဲဆိုတာ ကြည့်လို့ရတဲ့ စနစ်တစ်ခုဖြစ်လာအောင် ကျွန်တော်တို့သွားနေတယ်။ လတ်တလောကာလမှာ တွေ့ကြုံနေရတဲ့ အခက်အခဲတွေကိုလည်း ကျွန်တော်တို့ရဲ့ Call Centerတွေ၊ မြို့နယ်ရုံးတွေမှာ ချက်ချင်းတိုင်ကြားလို့ရနိုင်ပါတယ်။” လို့ ဦးစိုးမြင့်က ပြောပါတယ်။
လက်ရှိမှာ မီတာခ တွေ အဆမတန်ကျသင့်နေတာတွေ ပတ်သက်ပြီး တိုင်ကြားလိုပါကလည်း သက်ဆိုင်ရာ မြို့နယ်ရုံးတွေ၊ YESC Call Center (ရန်ကုန်လျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်း)၊ MESC Call Center ( မန္တလေး လျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်း)၊ စတဲ့ Call Center တွေကို ချက်ချင်းဆက်သွယ်နိုင်ပြီး တိုင်ကြားနိုင်တယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် အခုချိန်မှာ မီးတွေပျက်နေတာတွေက မိုးရာသီကာလမှာ လေပြင်းတိုက်ခတ်မှုတွေကြောင့် တိုင်းနဲ့ပြည်နယ်အချို့မှာ မီးကြိုးပျက်စီးမှုတွေ ကြောင့်ရှိနေသလို အတတ်နိုင်ဆုံးပြည်သူတွေကို မီးအဆက်မပြတ်ပေးနိုင်ဖို့အတွက်လည်း ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။
“ နိုင်ငံတကာမှာဆိုရင်လည်း မီးပြတ်တာတွေရှိပါတယ်။ ဒါပေမယ့် သူတို့မှာက စနစ်ကောင်းတယ်။ တစ်ဖက်က ပျက်ရင် တစ်ဖက်ကလှည့်ပေးနိုင်တယ်။ကျွန်တော်တို့ဆီမှာ မီးပျက်တာက မဖြစ်သာလို့ပါ။ အခုလိုအပြင်မှာ ပူနေတဲ့အခါ အိမ်မှာ အေးဆေးနေချင်တာကို ကိုယ်ချင်းစာပါတယ်။ သို့သော်မီးခဏ ဖြတ်ရတယ်။ဘာကြောင့်လဲဆိုတော့ အခုဆို မိုးရာသီရောက်လာပြီ ။လေပြင်းတိုက်ခတ်မှုတွေကြောင့် မီးကြိုးတွေထိသွားတဲ့ နေရာတွေရှိတယ်။ ဒါတွေကို ပြန်လုပ်ရတယ်။ မဖြစ်မနေ မီးပြတ်ရတာပါ။ ကျွန်တော်တို့အခုလည်း ကြိုးစားဆောင်ရွက်နေပါတယ်။နောက် ၂ နှစ် ၃ နှစ်ဆို ကောင်းသွားမှာပါ။” လို့
လက်ရှိမှာ ပြည်သူလူထုအနေနဲ့ ရာသီဥတုပူပြင်းတဲ့အခြေအနေ၊ Stay at Home ကာလတွေကြောင့် မီးသုံးစွဲမှု များပြားနေတာဖြစ်ပြီး တစ်ရက်ထက် တစ်ရက် မီတာသုံးစွဲမှုတွေက မြင့်တက်နေပြီး မေလ ၁၄ ရက်နေ့တုန်းကဆို တစ်ရက်တည်း မဂ္ဂဝပ် ၃၆၀၀ ခန့် သုံးစွဲမှု ရှိခဲ့တယ်လို့လည်း လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနကနေသိရပါတယ်။