အမေရိကန်မှာ ရှိတဲ့ ကုမ္ပဏီရဲ့ သုတေသနစင်တာကို ကနေဒါနိုင်ငံဆီ ရွှေ့ပြောင်းဖို့ စီစဉ်ထားတယ်လို့ Huawei တည်ထောင်သူ ရန်ဇီဖိန်းက အင်တာဗျူးတစ်ခုမှာ ပြောသွားပါတယ်။
ကနေဒါမီဒီယာတစ်ခု ဖြစ်တဲ့ Globe and Mail နဲ့ တွေ့ဆုံခန်းတစ်ခုမှာ မစ္စတာရန်က အခုလို ပြောကြားခဲ့တာပါ။ အမေရိကန်ဝန်ထမ်းတွေနဲ့ လက်တွဲအလုပ်လုပ်ဖို့ ပိတ်ပင်မှုတွေ ရှိနိုင်တာကြောင့် အမေရိကန်မှာ ရှိထားတဲ့ Huawei သုတေသနစင်တာကို ကနေဒါဆီ ပြောင်းဖို့ လုပ်နေတာလို့ ဆိုပါတယ်။

Photo: SCMP
"အစိုးရရဲ့ ပိတ်ဆို့မှုကြောင့် အမေရိကန်နိုင်ငံအတွင်းက ကျွန်တော်တို့ ဝန်ထမ်းတွေနဲ့ အီးမေးလ်ပို့တာ ၊ ဖုန်းခေါ်ပြီး ဆက်သွယ်တာမျိုး လုပ်လို့ မရတော့ပါဘူး" လို့ မစ္စတာရန်က ဆိုပါတယ်။ အမေရိကန်နည်းပညာထုတ်ကုန်တွေ Huawei ဆီ တင်ပို့ရောင်းချမှု ရပ်ဆိုင်းဖို့ အစိုးရဘက်မှ အာဏာပိုသုံးလာဖို့ ချိန်ဆနေတယ်ဆိုပြီး Reuters သတင်းမှာ ဖော်ပြပါရှိပြီးနောက် Huawei သုတေသနနဲ့ ဖွံ့ဖြိုးမှုဌာနကို အမေရိကန်ပြင်ပကို ရွှေ့ပြီး ကနေဒါမှာ နေရာချဖို့ ရှိတယ်လို့ ရန်က Globe and Mail ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လထဲမှာ ကယ်လီဖိုးနီးယားပြည်နယ် ၊ ဆန်တာကလဲရာက Huawei Silicon Vally သုတေသနစင်တာမှာ ဝန်ထမ်း ၂၅၀ ခန့် ထွက်သွားခဲ့ပြီး အလုပ်အကိုင်နေရာ ၆၀၀ ရပ်ဆိုင်းခဲ့တယ်လို့ ကုမ္ပဏီဘက်က ထုတ်ပြန်ပါတယ်။ Huawei ဟာ အမေရိကန်နိုင်ငံမှာ လုပ်ဆောင်နေတဲ့ သုတေသနလုပ်ငန်းတွေအတွက် ပြီးခဲ့တဲ့နှစ်က ဒေါ်လာ သန်း ၅၁၀ ကျော် သုံးစွဲခဲ့ပါတယ်။
သုတေသနစင်တာ ကနေဒါကို ရွှေ့မယ့်အရေး မြန်ခြင်းမမြန်ခြင်းဟာ အမေရိကန်ဝန်ထမ်းတွေကို ကနေဒါဆီ ပြောင်းခွင့်ပေးတဲ့အပေါ်မူတည်နေတယ်လို့လည်း မစ္စတာရန်က ပြောပါတယ်။ ကနေဒါနိုင်ငံက Huawei ရုံးခွဲတွေနဲ့သုတေသနဖွံ့ဖြိုးရေးဌာနတွေမှာ ဝန်ထမ်းပေါင်း ၁၁၀၀ ကျော် ခန့်အပ်ထားပြီး လက်ရှိမှာ အလုပ် ၈၆ နေရာခေါ်ထားတယ်လို့လည်း ဆိုပါတယ်။
Photo: citynews1130
Huawei ဟာ သုတေသနပိုင်းအတွက် ဒီနှစ်ထဲမှာ ဒေါ်လာ ၁၇ ဘီလျံအထိ သုံးစွဲသွားဖို့ရှိပြီး ကနေဒါနိုင်ငံက သုတေသနနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်တွေအတွက် ပြီးခဲ့တဲ့နှစ်အတွင်းမှာ ဒေါ်လာ ၁၆၄ သန်း ရင်းနှီးမြှပ်နှံထားခဲ့ပါတယ်။ ၂၀၁၉ နှစ်လယ်ပိုင်းက ထွက်လာတဲ့ သတင်းတွေအရ Huawei ဟာ ကနေဒါနိုင်ငံ အော့တိုဝါမှာ ရှိတဲ့ Huawei Labs မှာ 6G ကွန်ရက်နည်းပညာသုတေသန စတင်နေတယ်လို့ ဆိုပါတယ်။
Huawei အနေနဲ့ တရုတ်နိုင်ငံပြင်ပမှာ တစ်ချို့ မိုဘိုင်းကွန်ရက်ပစ္စည်းအစိတ်အပိုင်းတွေ ထုတ်လုပ်သွားဖို့ ရှိသလို ဥရောပမှာ 5G ကွန်ရက်ပစ္စည်းထုတ်လုပ်တဲ့ စက်ရုံသစ်တစ်ရုံလည်း တည်ဆောက်ချင်တယ်လို့ Huawei တည်ထောင်သူ မစ္စတာရန်ဇီဖိန်းမှ ဖွင့်ပြောထားပါတယ်။