အမေရိကန်အစိုးရနဲ့ပြဿနာတက်ထားတဲ့ Huawei ဟာ ရုရှားမှာ 5G ကြိုးမဲ့ကွန်ရက်စနစ် တည်ဆောက်ဖို့သဘောတူညီချက် ရသွားပြီ ဖြစ်ပါတယ်။
Huawei ဟာ ရုရှားရဲ့အကြီးဆုံး တယ်လီကွန်းအော်ပရေတာ ဖြစ်တဲ့ MTS နဲ့5G နည်းပညာဖွံ့ဖြိုးရေးအတွက် မော်စကိုမှာ သဘောတူ စာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပြီး လာမယ့်နှစ်က စတင်ကာ ရုရှားမှာ ပဉ္စမမျိုးဆက် 5G ကွန်ရက်တွေ စတင်သွားမယ်လို့BBC သတင်းမှာ ဖော်ပြထားပါတယ်။ ဒီသဘောတူညီမှုဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ ရုရှားကို သုံးရက်တာ အလည်အပတ်ခရီးသွားရောက်ချိန်မှာ ပေါ်ပေါက်လာတာ ဖြစ်တယ်လို့လည်း CNN Business က ဆိုပါတယ်။

Photo: The Verge
MTS တယ်လီကွန်းအော်ပရေတာဟာ ရုရှားမှာ သုံးစွဲသူ ၇၈ သန်း ရှိပြီး ရုရှားဈေးကွက်ရဲ့ ၃၁% ကို လွှမ်းခြုံထားတာပါ။ ဒီသဘောတူညီမှုနဲ့ပတ်သက်ပြီး နှစ်နိုင်ငံမှ ခေါင်းဆောင်တွေအနေနဲ့ထုတ်ပြန်ပြောကြားခြင်း မရှိပေမယ့် ရုရှားသမ္မတ ဗလာဒီမာပူတင်ကတော့ တရုတ်နဲ့ရုရှားဟာ ယခင်က မကြုံဖူးတဲ့အနေအထားအထိ ဆက်ဆံရေးတိုးမြင့်ကောင်းမွန်လာတယ်လို့ပြောကြားထားပါတယ်။
ရှန်းကျန်းအခြေစိုက် Huawei ကုမ္ပဏီဟာ အမေရိကန်အစိုးရရဲ့ Blacklist စာရင်းထဲ ပါဝင်နေပြီး စီးပွားရေးလုပ်ငန်းတွေလည်း လုပ်ဆောင်ရ ကြပ်လာနေတယ်လို့ဆိုပါတယ်။ ဒီတစ်ပတ်တနလာၤနေ့ကပဲ Huwei ဟာ ကုမ္ပဏီရဲ့ ပင်လယ်ရေအောက် ကေဘလ်စီးပွားရေးလုပ်ငန်းကို ရောင်းချဖို့ပြင်နေတယ်လို့Reuters သတင်းမှာ ဖော်ပြထားပါတယ်။ ဒါဟာ အမေရိကန်အစိုးရရဲ့ အရေးယူမှုတွေနဲ့ကြုံပြီး Huawei အနေနဲ့ပထမဆုံးအကြိမ် လုပ်ငန်းရောင်းချဖို့စီစဉ်တာလည်း ဖြစ်ပါတယ်။
Photo: The Verge
လက်ရှိမှာ Huawei ဟာ Foxconn ဆီက စမတ်ဖုန်း ပစ္စည်းအစိတ်အပိုင်းမှာ အော်ဒါမှာယူမှု လျှော့ချထားပါတယ်။ 5G စီးပွားရေး လုပ်ငန်းတွေမှာလည်း Huawei ဟာ ဈေးကွက်မှာ အခက်တွေ့နေတယ်လို့ဆိုပါတယ်။ 4G အတွက် Huawei ပစ္စည်းတွေ သုံးနေတဲ့ ဂျပန်မှ SoftBank ဟာ 5G မှာတော့ Nokia နဲ့Ericsson တို့ရဲ့ ပစ္စည်းတွေ ပြောင်းလဲ အသုံးပြုသွားမယ်လို့လည်း ကြေညာထားပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကပဲ Huawei တည်ထောင်သူ ရန်ဇီဖိန်းဟာ "အနောက်ဘက်မှာ အလင်းရောင်မရှိရင် အရှေ့မှာ လင်းနေဦးမှာပါ။ အမေရိကန်ဟာ ကမ္ဘာကြီးကို ကိုယ်စားမပြုပါဘူး။ ကမ္ဘာ့အစိတ်အပိုင်းတစ်ခုပဲ ကိုယ်စားပြုပါတယ်။" လို့အင်တာဗျူးတစ်ခုမှာ ပြောသွားပါတယ်။