ခွေးကိစ္စက မြို့လူထုအတွက် ပြဿနာတစ်ရပ်လို ဖြစ်နေကြောင်းနဲ့ သူများအသက် မသတ်ဖို့ ဆုံးဖြတ်ထားပေမဲ့ မြို့သူမြို့သားတွေအတွက် ကြည့်ရမှာ ဖြစ်ကြောင်း မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ပြောကြားခဲ့ပါတယ်။
(ဧပြီ ၂၈ ရက်က မန္တလေးကွန်ဗင်းရှင်းစင်တာမှာပြုလုပ်တဲ့ ပြည်သူ့ဂုဏ်ရည်ဆုပေးပွဲအခမ်းအနားအပြီး မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင် သတင်းထောက်တွေနဲ့တွေ့ဆုံစဉ်)
ယခုနှစ် ဇန်နဝါရီလမှ မတ်လအထိ ပထမ ၃ လပတ်အတွင်း ခွေးကိုက်ခံရလို့ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးမှာ တက်ရောက်ကုသတဲ့လူနာ ၁၂၂၈ ဦးရှိခဲ့ပြီး ပြီးခဲ့တဲ့နှစ်က ၅၆၉၀ ဦးရှိခဲ့တယ်လို့ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ လမ်းဘေးခွေးပြဿနာနဲ့ ပတ်သက်ပြီး ဧပြီလ ၂၈ ရက်က မန္တလေးကွန်ဗင်းရှင်းစင်တာမှာပြုလုပ်တဲ့ ပြည်သူ့ဂုဏ်ရည်ဆုပေးပွဲအခမ်းအနားအပြီး မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က သတင်းထောက်တွေနဲ့တွေ့ဆုံစဉ် အခုလိုပဲပြောခဲ့ပါတယ်။
"ခွေးကိစ္စက မြို့လူထုအတွက် ပြဿနာတစ်ရပ်လိုဖြစ်နေတယ်၊ ကျွန်တော် သူများအသက်မသတ်ဖို့ဆုံးဖြတ်ထားတာပါ၊ အခုက မြို့သူမြို့သားတွေအတွက်ပဲကြည့်ရတော့မှာပါ၊ သတင်းရရင် အဲဒီနေရာတွေဆီဆင်းကြည့်မယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့တိုင်ပင်မယ်၊ ဆေးရုံတွေမှာဆိုရင် ဆရာဝန်ကြီးတွေနဲ့တိုင်ပင်မယ်၊ လုပ်သင့်တယ်လို့ယူဆရင်လူရှင်းတဲ့အချိန်ညပိုင်းမှာ ကျွန်တော်တို့ ရှင်းလင်းရေးလုပ်မယ်" လို့ မန္တလေးမြို့တော်ဝန်က ပြောခဲ့တာ ဖြစ်ပါတယ်။
မန္တလေးစည်ပင်နယ်နိမိတ်အတွင်းက လမ်းဘေးခွေးလေခွေးလွင့်တွေကို မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက သုတ်သင်ရှင်းလင်းတော့မှာဖြစ်တာကြောင့် ဦးစားပေးရှင်းလင်းစေချင်တဲ့နေရာတွေအတွက် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ သန့်ရှင်းရေးဌာနနဲ့ဆက်သွယ်ဆောင်ရွက်ကြဖို့ မန္တလေးမြို့တော်ဝန်ဒေါက်တာရဲလွင်က ဧပြီလ ၂၆ ရက်နေ့က သူ့ရဲ့တရားဝင် Facebook Account ကတဆင့် အသိပေးကြညာခဲ့ပါသေးတယ်။
"အရိုးရှင်းဆုံးနည်းက သုတ်သင်ရှင်းလင်းတာဖြစ်ပေမယ့် တစ်မြို့လုံးအတိုင်းအတာနဲ့မလုပ်ချင်ပါ၊ မြို့သူမြို့သားတွေရဲ့ဆန္ဒကိုသာအဓိကထားစဉ်းစားဆောင်ရွက်ပေးနေတဲ့ စည်ပင်အနေနဲ့ စည်ပင်ကိုဆက်သွယ်ပြီး ရှင်းလင်းစေချင်တဲ့အကွက်တွေကိုသာဦးစားပေးရှင်းလင်းသွားမှာမို့ သန့်ရှင်းရေးဌာနကိုစာတင်ပါ" လို့ မြို့တော်ဝန်က ရေးသားခဲ့တာ ဖြစ်ပါတယ်။
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီအနေနဲ့ ကျုံးဘေးတလျှောက်မှာ ခွေးကျောင်းလာသူတွေကိုလည်း စစ်ဆေးမှုတွေပြုလုပ်သွားမှာဖြစ်ပြီး ခွေချည်ကြိုး၊ ခွေချေးကျုံးဖို့ဂေါ်၊ ခွေးချေးထည့်ဖို့အိတ်နဲ့ လက်အိတ်တို့မပါရင် အရေးယူသွားတော့မှာဖြစ်တယ်လို့လည်း မန္တလေးမြို့တော်ဝန်ဒေါက်တာရဲလွင်က သတိပေးထားပါတယ်။