စည်းကြပ်ဒိုင်ရဲ့ အချက်ပြမှုကို အလောတကြီး ဝီစီမမှုတ်ပဲ VAR စနစ်ကို ခေါ်လိုက်တဲ့ ကွင်းလယ်ဒိုင်လူကြီး ကီဗင်ဖရန့်ရဲ့ လုပ်ဆောင်ချက်ကို အခြားဒိုင်လူကြီးတွေ လေ့လာသတိမူသင့်တယ်လို့ Daily Mail ကထောက် ပြလာပါတယ်။

စည်းကြပ်ဒိုင်ရဲ့ မှားယွင်းတဲ့ ဆုံးဖြတ်ချက်ကြောင့် လူကျွံဘော သတ်မှတ်ခံခဲ့ရပြီးမှ ကွင်းလယ်ဒိုင်က VAR စနစ်ကို ပြန်ကြည့်ကာ ဂိုးသတ်မှတ်ပေးလိုုက်ရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဒီပွဲမှာ VAR စနစ်သာ မကယ်ရင် လူထုအုံကြွမှုတောင်ဖြစ်သွားနိုင်လောက်တယ်လို့ Daily Mail သတင်းဌာနက သုံးသပ်ဖော်ပြလာပါတယ်။
အာဆင်နယ်အသင်းက ၁-၀ နဲ့ အရေးနိမ့်နေချိန် အူဘာမီယန်းရဲ့ လုံး၀ လူကျွံအနေအထား ရှိမနေတဲ့ ဘောလုံး ကို စည်းကြပ်ဒိုင် စကော့လတ်ဂျာရဲ့ ဆုံးဖြတ်ချက်တစ်ခုတည်းနဲ့သာ ဆုံးဖြတ်လိုက်ရင် ပြဿနာတွေ ဖြစ်လာ နိုင်တာလို့ ဆိုလိုတာလည်းဖြစ်ပါတယ်။
ဒီဖြစ်စဉ်မှာ ကွင်းလယ်ဒိုင်လူကြီး ကီဗင်ဖရန့်ရဲ့ အလောတကြီး ဝီစီမမှုတ်လိုက်တာက အဓိကဖြစ်ခဲ့ပြီး သူသာ ဝီစီအလောတကြီး မှုတ်လိုက်မယ်ဆိုရင် ဒီဆုံးဖြတ်ချက်က အတည်ဖြစ်သွားမှာပါ။
စည်းကြပ်ရဲ့ မှားယွင်းတဲ့ အချက်ပြမှုကို သတိပြုမိပြီး VAR စနစ်ကို စောင့်ကြည့်ခဲ့တဲ့ ကွင်းလယ်ဒိုင်လူကြီးကို အာဆင်နယ်အသင်း ပရိသတ်တွေ ကျေးဇူးတင်သင့်ပြီး အခြား ကွင်းလယ်ဒိုင်လူကြီးတွေအတွက်လည်း အလောတကြီး ဝီစီမမှုတ်သင့်တဲ့ သာဓကကို မြင်သာစေခဲ့တယ်လို့ Daily Mail သတင်းဌာနက ထောက်ပြထား ပါတယ်။
ခြုံကြည့်လိုက်မယ်ဆိုရင်တော့ ဗီဒီယိုစောင့်ကြည့်စနစ်(VAR)က အငြင်းပွားဖွယ်ဆုံးဖြတ်ချက်တွေ ဖြစ်လာရင် တာဝန်ရှိသူအားလုံးကို ကယ်တင်နိုင်မယ့် တစ်ခုတည်းသော နည်းပညာအဖြစ် ရှိနေတာပဲ ဖြစ်ပါတယ်။