သွားတွေဝါထိန်နေတာကို ဘယ်သူမှ မကြိုက်ကြပါဘူး။ ဖြစ်နိုင်မယ်ဆိုရင် ကိုယ့်ရဲ့ သွားလေးတွေ ဖြူစင်နေတာကိုပဲ လိုချင်ကြတာပါ။ သွားဝါဝါတွေဖြစ်လာပြီဆိုရင် ဖြူဖို့အတွက် လူတိုင်း ကြိုးစားကြပါတယ်။ သွားဝါနေတာက စကားပြောရာဆိုရာမှာ ၊ အလုပ်လုပ်ကိုင်ရာမှာ အနှောင့်အယှက်တစ်ခုလို ဖြစ်သွားတတ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိစေနိုင်ဖို့အတွက်
ဖြူဖွေးတဲ့ သွားလေးတွေပိုင်ဆိုင်အောင် ဘယ်လိုလုပ်လို့ရမလဲ။
အုန်းဆီနဲ့ ပွတ်ပေးပါ
မြန်မာလူမျိုးတွေရဲ့ အိမ်တိုင်းမှာ အလွယ်တကူရှိနေတဲ့ အရာပဲဖြစ်ပါတယ်။ သွားတွေကို ဖြူစင်ချင်တယ်ဆိုရင်တော့ အုန်းဆီ လ္ဘက်ရည်ဇွန်းတစ်ဇွန်းလောက် ယူပြီး သွားပတ်ပတ်လည်ကို ပွတ်တိုက်ပေးပါ။ အုန်းဆီက သွားတွေကို ဖြူဝင်းတောက်ပစေပြီး ခံတွင်းမှာရှိတဲ့ မလိုအပ်တဲ့ ဘက်တီးရီးယားပိုးမွှားတွေကိုလည်း ဖယ်ရှားပေးပါတယ်။ အန္တရာယ်မရှိတဲ့ နည်းလမ်းမို့ နေ့စဉ်ပြုလုပ်ပေးလို့ရပါတယ်။
Baking Soda နဲ့ တိုက်ကြမယ်
နောက်တစ်မျိုးကတော့ Baking Soda ပါ။ Baking Soda ကတော့ ဘက်တီးရီးယားစ်ပိုးမွှား ပေါက်ဖွားရှင်သန်ခြင်းကိုလည်း တားဆီးပေးပါတယ်။ City Mart တို့လို နေရာတွေမှာ အလွယ်တကူဝယ်ယူလို့ရပါတယ်။ Baking Soda စားပွဲတင်ဇွန်းတစ်ဇွန်း ၊ ရေ စားပွဲတင်ဇွန်း နှစ်ဇွန်းကို ရောသမမွှေပြီးတော့ သွားတိုက်တံနဲ့ ယူပြီး သွားတိုက်ပေးပါ။ ဒီလိုမျိုး တစ်ပတ်ကိုတစ်ကြိမ်လောက် လုပ်ပေးမယ်ဆိုရင် သွားဝါဝါတွေကို ဖြူစင်စေရုံမကဘဲ သွားချိုးတွေကိုပါ သန့်စင်ပေးသွားနိုင်ပါတယ်။
သစ်သီးဝလံတွေနဲ့လည်း ဖြူအောင်လုပ်လို့ရတယ်
သစ်သီးတွေ ၊ အသီးအရွက်တွေကလည်း ကျန်းမာရေးအတွက်သာမက သွားအတွက်ပါ အထူးကောင်းမွန်တဲ့အရာတွေပါ။ အထူးသဖြင့် စတော်ဘယ်ရီ နဲ့ နာနတ်သီးတွေက သွားကို ဖြူဖွေးတောက်ပြောင်သွားအောင် ကူညီပေးနိုင်ပါတယ်။
စတော်ဘယ်ရီ နဲ့ Baking Soda ကို ဆတူရောပြီး သွားတိုက်တံနဲ့ သွားတိုက်ပေးမယ်ဆိုရင် သွားဝါနေတာတွေ ၊ သွားကြိုသွားကြားထုက အညစ်အကြေးတွေကို ပျောက်ကင်းစေရုံသာမကဘဲ သွားကို ဖြူဝင်းတောက်ပြောင်သွားစေပါတယ်။ တစ်ပတ်ကို တစ်ကြိမ်တိုက်ပေးနိုင်ပါတယ်။ စတော်ဘယ်ရီသီး၊ နာနတ်သီးတင်မကဘဲ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေဟာ သွားတွေကို ဖြူဖွေးစေပြီး သွားချိုးတွေကိုလည်း ဖယ်ရှားပေးနိုင်စွမ်းရှိပါတယ်။
အသက်အရွယ် ၊ အစားအသောက် နဲ့ နေထိုင်မှုပုံစံအလိုက် သွားတွေက ဝါလာတတ်ကြပါတယ်။ ဒါ့ကြောင့် သွားတွေ မဝါအောင် ကြိုတင်ကာကွယ်ထားတာကတော့ အထိရောက်ဆုံးနည်းလမ်းပါပဲ။ အောက်ပါနည်းလမ်းတွေနဲ့ ကြိုတင်ကာကွယ်လို့ ရပါတယ်။
-အစားအသောက်ကို ကန့်သတ်ထားပါ။ ကော်ဖီ ၊ လက်ဖက်ရည် ၊ ဝိုင်နီ ၊ ဆိုဒါ တွေဟာ သွားကို ဝါစေတဲ့ အစားအသောက်တွေပဲဖြစ်ပါတယ်။ မစားရဘူးလို့ မဆိုလိုပေမယ့် သွားလေးတွေ မဝါသွားစေဖို့ တစ်ရက်ကို သုံးခွက်ထက် ပိုမသောက်တာမျိုး ကန့်သတ်ထားဖို့တော့ လိုပါတယ်။
-ပီကေဝါးတာကလည်း သွားဖြူစေတဲ့ အပြုအမူတွေထဲက တစ်ခုပါပဲ။
-သကြားလျှော့ပါ။ သကြားကို လျှော့ချတာက သွားကျန်းမာရေးအတွက်လည်း ကောင်းသလို အဆီကျစေပြီး တခြားကျန်းမာရေးအတွက်လည်း အကျိုးအများကြီးဖြစ်ထွန်းစေပါတယ်။ တကယ်လို့ သကြားပါတဲ့ အစားအသောက်တွေ စားပြီးပြီဆိုရင်လည်း သွားပြန်တိုက်ပေးဖို့တော့ လိုပါတယ်။
-ကယ်လဆီယမ်ဓာတ်တွေပါဝင်တဲ့ အစားအသောက်တွေကလည်း သွားကျန်းမာရေးအတွက် အထူးကောင်းပါတယ်။ ဥပမာအားဖြင့် - နွားနို့ ၊ ကွေကာအုပ် ၊ ချိစ် နဲ့ ဂေါ်ဖီစိမ်းတွေ ဖြစ်ပါတယ်။ ကျန်းမာရေးအတွက်လည်းကောင်းပြီး သွားဝါတာတွေကိုလည်း ကာကွယ်ပေးတဲ့ အစားအစာတွေဖြစ်ပါတယ်။
သွားကို ဂရုတစိုက်ရှိပါစေ
သွားကို တစ်နေ့ နှစ်ကြိမ် ပုံမှန်တိုက်တာ ၊ သွားဝါစေတဲ့ အစားအသောက်တွေ စားသုံးမိတာမျိုးတွေ မှာ သွားပြန်တိုက်တာ ၊ အစာစားပြီးတိုင်း ပလုတ်ကျင်းတာ ၊ သွားချေးတွေစုပုံတာမျိုးတွေ မဖြစ်ရလေအောင် အမြဲသွားကို ဂရုတစိုက် ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုအပ်ပါတယ်။
ဒေါက်တာတင့်ဆွေက သွားဝါရတဲ့အကြောင်းရင်းနဲ့ ပတ်သက်ပြီး ဓူဝံမီဒီယာခုလိုပြောပါတယ်။
"ကော်ဖီ၊ ဆိုဒါ ခေါ် ကိုကာကိုလာ၊ ပက်ပ်စီ၊ အရောင်ပါဖျော်ရည်၊ ဝိုင်တွေသောက်ရင် သွားကို အရောင်ဖြစ်စေတယ်။ သောက်စရာထဲကဓါတ်နဲ့ သွားအပါ်ဖုံးကြွေလွှာရောပြီး အဝါရောင် ခပ်ညိုညိုရောင်ဖြစ်စေတယ်။ ကြာကြာသောက်သူတွေ ပိုဆိုးတယ်။ ဆေးလိပ်သောက်ခြင်းကလည်း အကြောင်းခံကြီးတစ်ခုဖြစ်တယ်..နီကိုတင်းကြောင့်။ သုတေသနတွေလုပ်တဲ့ တိုးတက်တဲ့တိုင်းပြည်တွေမှာမရှိတဲ့ ကွမ်းစားခြင်းကြောင့်လည်း သွားတွေ ညိုတာ မည်းတာ ဖြစ်စေတယ်။ တိုဘက်ကို ခေါ် ခိုင်နီး ခေါ် ဆေးငုံခြင်းကလည်းဖြစ်တယ်။ ဖြစ်တဲ့သူတွေ သွားဆရာဝန်ပြသင့်။ သွားသန့်ရှင်းရေးလုပ်ပေးရပါမယ်။ ထပ်သောက် ထပ်သုံးစွဲသူတွေ ထပ်သန့်ရှင်းရ။ သိပ်ကြာနေသူတွေ ပျောက်ဖို့ ခဲယဉ်းကြတယ်။ တချို့ဆေးတွေ ဥပမာ တက်ထရာဆိုက်ကလင်း ကနေ သွားတွေကို ရာသက်ပန်အရောင်ဖြစ်စေနိုင်တယ်။"
ဒါတွေကတော့ သတိထားသင့်တဲ့ သွားဝါတဲ့ အကြောင်းရင်းတွေပါပဲ။
မြန်မာနည်းနဲ့ဆိုရင် ဆားနဲ့ သွားတိုက်တာ ၊ မီးသွေးမှုန့်နဲ့ သွားတိုက်တာ ၊ သွားတိုက်ဆေးမှုန့်နဲ့ သွားတိုက်တာတွေနဲ့ သွားကို ဖြူစင်အောင်လုပ်လို့ရသလို လိမ္မော်သီးခွံ ၊ သံပုရာသီးခွံ ၊ ငှက်ပျောသီးခွံတွေ နဲ့ ပွတ်တိုက်ပြီး သွားကို ဖြူဝင်းအောင်လုပ်ကြတာမျိုးလည်း ရှိပါတယ်။
ဒါတွေကတော့ အိမ်မှာ အလွယ်တကူလုပ်လို့ရတဲ့ သွားတွေကို ဖြူဖွေးစေတဲ့ နည်းလမ်းလေးတွေပါ။ ဖြူဖွေးတောက်ပြောင်နေတဲ့ သွားလေးတွေနဲ့ နေ့ရက်တိုင်းမှာ လှနိုင်ကြပါစေ။
Share