အမေရိကန်နိုင်ငံရေးနယ်ပယ်မှာ ထင်ရှားသူတစ်ဦးဖြစ်ပြီး သက်တမ်းရှည်ကြာ ရီပတ်ဘလစ်ကင်ပါတီ ဆီးနိတ်လွှတ်တော်အမတ် ဂျွန်မက်ကိန်း ကွယ်လွန်သွားပြီလို့ သိရပါတယ်။
အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း (Photo: Wakil Kohsar/AFP/Getty Images)
ဗီယက်နမ်စစ်ပြန် သူရဲကောင်းတစ်ဦးအဖြစ်မှ နိုင်ငံရေးနယ်ပယ်ကိုဝင်ရောက်ကာ အာရီဇိုးနားပြည်နယ်မှ လွှတ်တော်အမတ်ဖြစ်လာခဲ့သူ ဂျွန်မက်ကိန်းဟာ ဒေသစံတော်ချိန် သြဂုတ် ၂၅ ရက် (စနေနေ့) မနက် ၄ နာရီ ၂၈ မိနစ်မှာ ကွယ်လွန်သွားခဲ့ကြောင်း ၎င်းရဲ့ရုံးခန်းက သတင်းထုတ်ပြန်ပါတယ်။
ဦးနှောက်အကြိတ်ကင်ဆာဖြင့် ကွယ်လွန်သွားခဲ့တဲ့ ဂျွန်မက်ကိန်းဟာ အသက် ၈၁ နှစ်ရှိပြီ ဖြစ်ပါတယ်။ ဂျွန်မက်ကိန်းက ၎င်းရဲ့ရောဂါကို ဆက်လက် ကုသခြင်းမပြုရန် ဆုံးဖြတ်လိုက်ကြောင်း သောကြာနေ့ (သြဂုတ် ၂၄ ရက်) မှာ မိသားစုက ကြေညာခဲ့ပါတယ်။
ဂျွန်မက်ကိန်းနှင့် ဇနီးဖြစ်သူ စင်ဒီဟန်စလေ (Photo: Ralph Freso/Getty Images)
အထက်လွှတ်တော် (ဆီးနိတ်) နဲ့ အောက်လွှတ်တော်တို့မှာ ရီပတ်လစ်ကင်အမတ်အဖြစ် သက်တမ်းခြောက်ကြိမ် တာဝန်ယူခဲ့ပြီး ၂၀၀၈ ခုနှစ် သမ္မတရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကင်ပါတီ ကိုယ်စားလှယ်လောင်းအဖြစ်လည်း ရွေးချယ်ခံခဲ့ရသူ ဂျွန်မက်ကိန်းဟာ ဦးနှောက်အကြိတ် ဖြစ်နေကြောင်းကို ၂၀၁၇ ခုနှစ် ဇူလိုင်လအတွင်း စတင်သိရှိခဲ့ပါတယ်။
ထိုစဉ်က ၎င်းရဲ့ ဘယ်ဖက်မျက်လုံးအပေါ်ဘက်မှာ သွေးခဲနေမှုကို ခွဲစိတ်ဖယ်ရှားမှုအတွင်း ဦးနှောက်အကြိတ်ကို ဆရာဝန်တွေက တွေ့ရှိခဲ့ကြပါတယ်။ ၂၀၀၈ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဂျွန်မက်ကိန်းက ဘာရတ်အိုဘားမားကို ရှုံးနိမ့်ခဲ့ပါတယ်။ ဂျွန်မက်ကိန်းရဲ့ ဖခင်နဲ့အဘိုးတို့ဟာ ရေတပ်ဗိုလ်ချုပ်ကြီးတွေ ဖြစ်ခဲ့ကြပြီး ၎င်းကိုယ်တိုင်လည်း ဗီယက်နမ်စစ်ပွဲကာလအတွင်း တိုက်လေယာဉ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။
ဂျွန်မက်ကိန်းနှင့် အခြားစစ်အကျဉ်းသားများ ပြန်လွတ်လာခဲ့စဉ် (Photo: ALAMY)
ဗီယက်နမ်စစ်ပွဲအတွင်း ၎င်းရဲ့တိုက်လေယာဉ် ပစ်ချခံရပြီးနောက် ဂျွန်မက်ကိန်းဟာ စစ်အကျဉ်းသားအဖြစ် ငါးနှစ်ကျော်ကြာ ဖမ်းဆီးခံခဲ့ရပါတယ်။ ၁၉၇၃ ခုနှစ်မှာ စစ်အကျဉ်းသားအဖြစ်မှ ပြန်လွတ်လာခဲ့တဲ့ ဂျွန်မက်ကိန်းဟာ ဖမ်းဆီးခံခဲ့ရစဉ်အတွင်း နှိပ်စက်ခံခဲ့ရတဲ့ ဒဏ်ရာတွေကြောင့် သေရာပါ ခန္ဓာကိုယ်ချို့ယွင်းမှုတွေလည်း ခံစားခဲ့ရပါတယ်။
ဦးနှောက်အကြိတ်ကင်ဆာ ခံစားခဲ့ရသည့် ဂျွန်မက်ကိန်း (Photo: AP)
ဂျွန်မက်ကိန်းဟာ ကွယ်လွန်ချိန်အထိ အမေရိကန်ပြည်ထောင်စုအတွက် နှစ်ပေါင်း ၆၀ ကြာ သစ္စာရှိစွာဖြင့် တာဝန်ထမ်းဆောင်သွားသူဖြစ်တယ်လို့ ၎င်းရဲ့ရုံးခန်က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဂျွန်မက်ကိန်းက ၁၉၈၁ ခုနှစ်မှာ အမေရိကန်ရေတပ်မှ ဗိုလ်ကြီးအဆင့်ဖြင့် အငြိမ်းစားယူခဲ့ပြီး အာရီဇိုးနားကို ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။
သမ္မတရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခဲ့စဉ်က ဂျွန်မက်ကိန်း (Photo: Washington Post)
၁၉၈၂ ခုနှစ်မှာ နိုင်ငံရေးနယ်ပယ်ကို ဝင်ရောက်ခဲ့ပြီး ၁၉၈၆ ခုနှစ်မှာ ပထမဆုံးအကြိမ် လွှတ်တော်အမတ်အဖြစ် ရွေးကောက်ခံခဲ့ရပါတယ်။ ထို့နောက် အမေရိကန်အောက်လွှတ်တော်နဲ့ အထက်လွှတ်တော်တို့မှာ ရီပတ်ဘလစ်ကင် အမတ်တစ်ဦးအဖြစ် လူသိများထင်ရှားခဲ့ပါတယ်။
၂၀၁၁ ခုနှစ် မြန်မာနိုင်ငံခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည့် ဂျွန်မက်ကိန်း (Photo: VOA)
အာရီဇိုးနားပြည်နယ် ဖီးနစ်မြို့မှာ ကွယ်လွန်သွားခဲ့တဲ့ ဂျွန်မက်ကိန်းဟာ အိမ်ထောင်နှစ်ဆက်ကျခဲ့သူဖြစ်ပြီး သားသမီး ခုနစ်ဦးရှိပါတယ်။ ပထမဇနီးသည် ကာရိုးရှက်ပ်နဲ့ ၁၉၅၆ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး ၁၉၈၀ ပြည့်နှစ်မှာ ကွာရှင်းခဲ့ပါတယ်။ ထိုနှစ်မှာပင် ယခုလက်ရှိ ဇနီးဖြစ်သူ စင်ဒီဟန်စလေနဲ့ အိမ်ထောင်ပြုခဲ့ကြောင်း သိရပါတယ်။