ဒီဇင်ဘာလလယ်ပိုင်းက ကြေညာခဲ့တဲ့ OPPO ရဲ့ ပထမဆုံးခေါက်သိမ်းနိုင်စမတ်ဖုန်းဟာ ဈေးကွက်မှာ ဝယ်လိုအား မြင့်မားနေတယ်လို့ ဆိုပါတယ်။
Samsung Galaxy Z Fold စီးရီးဒီဇိုင်းမျိုးနဲ့ ထွက်လာတဲ့ OPPO Find N ဟာ ကုမ္ပဏီရဲ့နည်းပညာမြင့် ထုတ်ကုန်တစ်ခု ဖြစ်ပြီး ၂၀၁၈ ခုနှစ်ကတည်းက စတင်သုတေသနနဲ့ ဖွံ့ဖြိုးမှုအဆက်ဆက် လုပ်ခဲ့တဲ့ရလဒ်တစ်ခုလို့ ကုမ္ပဏီရဲ့ ထုတ်ကုန်အရာရှိချုပ် ပီတီလောင်က ကြေညာထားတာပါ။ OPPO Find N ကို ပထမအသုတ် စပြီး ရောင်းချိန်ကလည်း ချက်ချင်း ရောင်းကုန်ခဲ့ပါတယ်။

Photo: digitaltrends
လက်ရှိအချိန်မှာ ဒီဖုန်းကို ဝယ်ဖို့ မှတ်ပုံတင် စာရင်းပေးထားသူ ၁ သန်းအထိ ရှိနေပြီး ပစ္စည်းပြတ်လပ်မှုနဲ့ ကြုံနေရတယ်လို့ ဆိုပါတယ်။ OPPO China ဥက္ကဌ လီယု ဘော့ပ်ဘီးရဲ့ အဆိုအရ အခုလို ဝယ်လိုအား မြင့်မားနေရတဲ့ အကြောင်းရင်းက ဆွဲဆောင်မှုရှိတဲ့ ဈေးနှုန်းကြောင့်လို့ ပြောပါတယ်။ OPPO Find N ကို ၇၆၉၉ ယွမ် (မြန်မာငွေ ၂၁ သိန်းကျော်) နဲ့ ၈၉၉၉ ယွမ် (မြန်မာငွေ သိန်း ၂၅ ကျော်) ဈေးနှုန်းတွေနဲ့ ရောင်းချနေတာပါ။
ဈေးကွက်ဝင် Foldable ဖုန်းတွေထဲမှာ OPPO Find N က ဈေးအသက်သာဆုံးလို့ ဆိုရမှာပါ။ နောက်တစ်ချက်က ကျစ်လျစ်သေးသွယ်တဲ့ ပုံစံနဲ့အတွင်းခေါက် Display ရဲ့ ညက်ညောပြေပြစ်မှုကြောင့် အခုလို လူကြိုက်များရတာလို့ ဆိုနိုင်ပါတယ်။ OPPO Find N ဟာ ခေါက်ထားချိန် အပြင် Cover Display ဆိုဒ် ၅.၄၉ လက်မရှိပြီး အတွင်းမှာ 120Hz ၇.၁ လက်မ Screen ပါရှိပါတယ်။
Photo: hardwarezone
၂၀၂၁ ခုနှစ်ထွက် Flagship ဖုန်းဖြစ်တဲ့အတိုင်း OPPO Find N ဟာ Snapdragon 888 5G SoC ၊ အမြင့်ဆုံး RAM 12GB/512GB Storage တို့နဲ့ လာပါတယ်။ ကင်မရာပိုင်းမှာ Sony IMX766 50MP Main Sensor ၊ 16MP Ultrawide နဲ့ 13MP 2x Telephoto ဆိုပြီး ကင်မရာ သုံးလုံး ပါရှိပါတယ်။ ဘက်ထရီပါဝါ 4500mAh ဟာ SuperVOOC 33W Charging ၊ 15W Wireless Charging နဲ့ 10W Reverse Wireless Charging ဆိုပြီး အားသွင်းစနစ်တွေလည်း အထောက်အပံ့ပေးထားပါတယ်။
Power ခလုတ်မှာ Fingerprint Sensor တစ်ခု တပ်ဆင်ထားပြီး 8GB/256GB မော်ဒယ်ကို ၇၆၉၉ ယွမ်ဈေးနဲ့ ရောင်းချတာ ဖြစ်ပါတယ်။ လောလောဆယ် OPPO Find N ကို တရုတ်ဈေးကွက်မှာပဲ ရောင်းချနေတာ ဖြစ်ပြီး နိုင်ငံတကာဈေးကွက်ထဲတော့ ရောင်းချခြင်း မရှိသေးပါဘူး။