လင်းလင်းကတော့ သြဂုတ်လအတွက် မွေးရာပါနှလုံးအပေါက်ပါ ကလေးငယ်လေးတွေကို အောင်အောင်မြင်မြင် ခွဲစိတ်ကုသပေးနိုင်ခဲ့ပြီလို့ ဆိုပါတယ်။

Photo: Chit Thu Wai
အဆိုတော် လင်းလင်းကတော့ ခေတ်သစ်ဖောင်ဒေးရှင်းကနေ မွေးရာပါနှလုံးအပေါက်ပါ ကလေးငယ်တွေရဲ့ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီဖြစ်လို့ ဝမ်းသာပီတိဖြစ်လို့နေပါတယ်။ သြဂုတ်လအတွက် ကလေးငယ်(၃) ဦးကို အောင်အောင်မြင်မြင်ခွဲစိတ်ကုသပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
"ဩဂုတ်လအတွက် ခေတ်သစ်ဖောင်ဒေးရှင်းမှ ကူညီပေးခဲ့သည့် မွေးရာပါနှလုံးအပေါက်ပါ ကလေးလူနာများ အားလုံး ကျန်းမာစွာ ရှိကြသဖြင့် ဝမ်းသာ ကြည်နူးစရာ။ ခေတ်သစ်ဖောင်ဒေးရှင်းသို့ ယုံကြည်စွာဖြင့် ဝိုင်းဝန်းလှူဒါန်းပေးကြပါသော စေတနာရှင်များအားလုံးနှင့် ခွဲစိတ်မှုများအား အောင်မြင်စွာဆောင်ရွက်ပေးပါသော မွေးရာပါနှလုံးခွဲစိတ်ကုသရေး (ရန်ကင်းကလေးဆေးရုံ) အဖွဲ့အားလုံး ကျန်းမာကြပါစေ" ဆိုပြီးတော့ သြဂုတ်လ(၁၈) ရက်နေ့ နေ့လယ် (၁၂) နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
Photo: Chit Thu Wai
လက်ရှိမှာလည်း ခေတ်သစ်ဖောင်ဒေးရှင်းကနေပြီးတော့ Covid – 19 ရောဂါကာကွယ်ထိန်းချုပ် နိုင်ဖို့အတွက် ငွေကျပ် သိန်း(၁၀၀) မတည်ကာ အလှူရှင်များနဲ့ စုပေါင်းပြီး လိုအပ်တဲ့နေရာတွေကို မကြာခဏ သွားရောက် လှူဒါန်းနေတာကိုလည်း တွေ့ရပါတယ်။ ဒါကြောင့် နောက်ထပ် အလှူရှင်များအနေနဲ့ ထပ်မံ လှူဒါန်းလိုပါက ခေတ်သစ်ဖောင်ဒေးရှင်း နာမည်နဲ့ ဖွင့်ထားတဲ့ ဘဏ်အကောင့်တွေကိုသာ လွှဲပေးစေချင်တယ်လို့ လည်း ချစ်သုဝေက Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။
Photo: Chit Thu Wai
အဆိုတော် လင်းလင်းကလည်း COVID-19 ကာလအတွင်းမှာ ခေတ်သစ်ဖောင်ဒေးရှင်းကနေ တဆင့် အလှူအတန်းတွေ လုပ်နေတာကို တွေ့ရပါတယ်။ COVID-19 ကာကွယ်ရေး ဆေးပစ္စည်းတွေ လိုအပ်မှုရှိနေတဲ့ ဆေးရုံကြီးတွေ၊ စားနပ်ရိက္ခာ အခက်အခဲကြုံတွေ့နေရတဲ့ နေရာ ဒေသတွေကို ကိုယ်တိုင်သွားရောက်ပြီး အလှူအတန်းတွေ လုပ်ခဲ့သူပါ။ ခေတ်သစ်ဖောင်ဒေးရှင်းကတော့ မွေးရာပါ နှလုံးရောဂါပါရှိတဲ့ ကလေးငယ်တွေကို အဓိကထား ခွဲစိတ်ကုသစာရိတ်ထောက်ပံ့ပေးနေတယ်လို့လည်း သိရပါတယ်။