ကမ္ဘာ့မိုဘိုင်းဖုန်းဈေးကွက် ကြီးမားလာတာနဲ့အမျှ တစ်ပါတည်း ကြီးမားလာတာကတော့ မိုဘိုင်းဂိမ်းဈေးကွက်ပါ။
အဲဒီလိုကြီးမားလှတဲ့ မိုဘိုင်းဂိမ်းဈေးကွက်ထဲမှာ နေရာတစ်ခု အခိုင်အမာရယူထားနိုင်တဲ့ PUBG Mobile ကတော့ ဝင်ငွေ ၁ ဘီလျံဒေါ်လာကို ပထမဆုံးရရှိတဲ့ Mobile Battle Royale ဂိမ်းဖြစ်လာခဲ့ပါပြီ။
မြန်မာနိုင်ငံမှာ ရေပန်းအစားဆုံးဂိမ်းတစ်ခုဖြစ်တဲ့ PUBG Mobile ကိုတော့ အထူးတလည် မိတ်ဆက်ပေးနေစရာ မလိုဘူးလို့ထင်ပါတယ်။ Tencent က ဖြန့်ချိတဲ့ဂိမ်းဖြစ်ပြီး မြန်မာနိုင်ငံအတွင်းမှာ ကစားသမားများပြားလွန်းလို့ တရားဝင်ပြိုင်ပွဲတွေ ပြုလုပ်ပြီးတော့တောင် အသိအမှတ်ပြုပေးရတဲ့အထိပါ။
အားလုံးနီးပါးက PUBG Mobile နဲ့ရင်းနှီးပြီးသားဖြစ်လို့ သူတို့ဝင်ငွေဘယ်ကရလဲဆိုတာကို သိကြမှာပါ။ PUBG Mobile ဟာ Free to Play ဂိမ်းဖြစ်တာကြောင့် ငွေရှာမယ်ဆိုရင် Skin တွေရောင်းစားပြီးတော့ပဲ ရှာပါတယ်။ ဂိမ်းထဲမှာအသုံးပြုနိုင်တဲ့ ငွေကြေး UC ကို တကယ့်ပိုက်ဆံနဲ့ဝယ်ယူမှ၊ ဂိမ်းထဲမှာရှိတဲ့ Skin တွေကို Battle Pass တွေကိုဝယ်ယူနိုင်မှာပါ။
PUBG Mobile ဟာ ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းလောက်ကမှ ထွက်ရှိလာတဲ့ဂိမ်းဖြစ်ပေမယ့် အခုလို တစ်နှစ်ကျော်ကာလလေးမှာတင် သူတို့ရဲ့ UC ရောင်းရငွေဟာ ၁ ဘီလျံကိုကျော်သွားခဲ့တာဖြစ်ပါတယ်။
Sensor Tower ရဲ့ဈေးကွက်လေ့လာစိစစ်ချက်အရ PUBG Mobile ရဲ့ UC ရောင်းအားဟာ ၂၀၁၉ ခုနှစ်အရောက်မှာ အရင်နှစ်ထက် ၅ ဆကျော်တက်လာတယ်လို့ဆိုပါတယ်။ လက်ရှိအချိန်မှာ PUBG Mobile ကို ဒေါင်းလုပ်ပြုလုပ်သူပေါင်း သန်း ၄၀၀ ကျော်ရှိပြီဖြစ်ပြီး နေ့စဉ်ကစားသူအရေအတွက်ဟာလည်း သန်းဂဏန်း တော်တော်များများမှာရှိတယ်လို့ သိရပါတယ်။
PUBG Mobile ဟာ ပထမဦးဆုံး ဝင်ငွေ ၁ ဘီလျံရရှိတဲ့ Mobile Battle Royale ဂိမ်းဖြစ်တာနဲ့အညီ သူ့နောက်မှာတော့ Netease ရဲ့ Knives Out က ဒေါ်လာ သန်း ၈၂၀ နဲ့ ဒုတိယနေရာမှာလည်းကောင်း ၊ Fortnite က ဒေါ်လာ သန်း ၇၅၀ နဲ့ တတိယနေရာမှာလည်းကောင်း ၊ Garena ရဲ့ Free Fire က ဒေါ်လာ ၅၂၅ သန်းနဲ့ စတုတ္ထနေရာမှာလည်းကောင်း အသီးသီးရပ်တည်နေပါတယ်။
အာရှတိုက်မှာတော့ တရုတ်နိုင်ငံဟာ ဂိမ်းကုမ္ပဏီတွေအတွက်တော့ မျက်စိကျစရာဈေးကွက်ကြီးတစ်ခုပါ။ PUBG Mobile ဟာ တရုတ်နိုင်ငံအခြေစိုက်ကုမ္ပဏီဖြစ်တဲ့ Tencent က ဖြန့်ချိတဲ့ဂိမ်းဖြစ်တာကြောင့် တရုတ်နိုင်ငံမှာ ဈေးကွက်တစ်နေရာကို အခြေအကုပ်ရယူထားနိုင်ပါတယ်။ တရုတ်တစ်နိုင်ငံတည်းမှာတင် PUBG Mobile ကို နေ့စဉ်ပျမ်းမျှကစားသူဟာ သန်း ၇၀ ဝန်းကျင်မှာရှိတယ်လို့ Tencent ကဆိုပါတယ်။ သို့ပေမယ့် ၂၀၁၉ ခုနှစ်မေလ အရောက်မှာတော့ Tencent ဟာ တရုတ်နိုင်ငံတွင်းမှာ PUBG Mobile ကို Game For Peace ဆိုတဲ့ PUBG Mobile နဲ့တစ်ပုံစံတည်းတူတဲ့ဂိမ်းနဲ့ အစားထိုးခဲ့ပါတယ်။
PUBG Mobile ဟာ ငွေသုံးဖို့မနှမြောတဲ့ပရိသတ်တွေ အများအပြားပိုင်ဆိုင်ထားတာကြောင့် အခုလို ပထမဦးဆုံး ဝင်ငွေ ၁ ဘီလျံပြည့်တဲ့ Mobile Battle Royale ဂိမ်းဖြစ်လာခဲ့တာပါ။ Mobile ဂိမ်းတွေဟာ ကစားရလွယ် သယ်ယူရလွယ်ပြီး နေရာတိုင်းမှာကစားနိုင်တဲ့ အားသာချက်တွေရှိတာကြောင့် နှစ်အနည်းငယ်အတွင်းမှာ ဈေးကွက်အကြီးကြီးတစ်ခုဖြစ်လာခဲ့ပါတယ်။
အဲဒီထဲမှာ Tencent ကတော့ ဈေးကွက်မှာ နေရာကြီးကြီးမားမားရယူထားနိုင်တဲ့ ကုမ္ပဏီကြီးတစ်ခုပါ။ အခုအချိန်မှာလည်း PUBG Mobile ကစားသူတွေအတွက် အသစ်အသစ်တွေကို ဖန်တီးကာ Update ပြုလုပ်ပေးလျက်ရှိပါတယ်။ သူတို့ပေးစွမ်းနိုင်တဲ့ Content တွေကို ကစားသူတွေကြိုက်နှစ်သက်တာကြောင့်လည်း အခုလို ကစားသမားပမာဏအများအပြားနဲ့ စံချိန်တင်ဝင်ငွေတွေကိုရရှိခဲ့တာပဲဖြစ်ပါတယ်။
Written by Myo Thant Kyaw