AMOLED screen ၊ SpO2 sensor နဲ့ Amazon Alexa support ပါလာတဲ့ တန်ဖိုးနည်း Amazfit fitness band ကို ကြေညာလိုက်ပါတယ်။
Huami Amazfit Band 5 စမတ်လက်ပတ်သစ်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာ ကြေညာသွားတဲ့ Xiaomi Mi Smart Band 5 နဲ့ တစ်ပုံစံတည်း ဖြစ်ပါတယ်။ ဒါကလည်း သိပ်တော့ မဆန်းပါဘူး။ ဒီစမတ်လက်ပတ်နှစ်မျိုးစလုံးဟာ ကုမ္ပဏီတစ်ခုတည်းကနေ ဒီဇိုင်းဆွဲပြီး ထုတ်လုပ်တာပါ။
Amazfit Band 5 ဟာ ၁.၁ လက်မ AMOLED color screen နဲ့လာပြီး 126 x 294p ရုပ်ထွက် ပါရှိပါတယ်။ watch face အမျိုးပေါင်း ၄၅ မျိုးကျော်လည်း ထည့်ထားပြီး နှလုံးခုန်တိုင်းစနစ် ၊ အိပ်စက်မှုစောင့်ကြည့်နည်းပညာ ၊ ဓမ္မတာစက်ဝိုင်း နဲ့ စိတ်ဖိစီးမှုသိ စနစ်တွေလည်း ပါဝင်ပါတယ်။
နောက်ထပ် စိတ်ဝင်စားဖို့ ကောင်းတာက Amazfit Band 5 မှာ သွေးတွင်းအောက်ဆီဂျင်ပျော်ဝင်မှု ပမာဏတိုင်းတာတဲ့စနစ် SpO2 sensor နဲ့ လာတာ ဖြစ်ပါတယ်။ ဒီနည်းပညာကို Mi Smart Band 5 မှာ မပါခဲ့တဲ့ နည်းပညာ ဖြစ်ပြီး ပြီးခဲ့တဲ့ တစ်ပတ်က မိတ်ဆက်ခဲ့တဲ့ Apple Watch Series 6 မှာလည်း SpO2 feature ပါလာပါတယ်။
Amazfit Band 5 ဟာ အသက်ရှုလေ့ကျင့်ခန်းနဲ့ အားကစားလုပ်နည်း ၁၁ မျိုးနဲ့အတူ နှိုးစက်နဲ့ Timer တွေကို အသံနဲ့ အမိန့်ပေးနိုင်တဲ့ Amazon Alexa support ပေးထားပါတယ်။ Bluetooth နဲ့ သီချင်းတွေ ဖွင့်နိုင်မယ့် စနစ် ၊ 5ATM ရေစိုခံမှုနဲ့အတူ ၁၅ ရက်အထိ အသုံးခံမယ့် 125 mAh ဘက်ထရီ သုံးထားပါတယ်။
စက်တင်ဘာ ၂၁ ရက်နေ့ကစပြီး Amazfit Band 5 ကို အမေရိကန်ဈေးကွက်မှာ ၄၅ ဒေါ်လာ (မြန်မာငွေ ၆ သောင်းခန့်) ဈေးနဲ့ ရောင်းချသွားမယ်လို့ ကြေညာထားပါတယ်။