• WhatsApp ၊ Messenger နဲ့ Instagram များ ပူးပေါင်းမယ့် Facebook အစီအစဉ် FTC ပိတ်ပင်သွားဖို့ရှိ

တရားဝင် ကြေညာချက် မထုတ်ပြန်သေးပါဘူး

အမေရိကန်ဖက်ဒရယ် ကုန်သွယ်ရေးကော်မရှင် FTC ဟာ Facebook ပိုင် လူမှုကွန်ရက်တွေ ပလက်ဖောင်းတစ်ခုတည်းမှာ ပေါင်းစည်းသွားမယ့် အစီအစဉ်ကို တားဆီးသွားဖို့ ရှိနေပါတယ်။

၂၀၁၉ နှစ်ဆန်းပိုင်းက စပြီး Facebook ဟာ ကုမ္ပဏီပိုင် chatting apps တွေ ဖြစ်တဲ့ Messenger ၊ WhatsApp နဲ့ Instagram ထဲက စာပို့စနစ်တွေကို တစ်ခုတည်းအဖြစ် ပူးပေါင်းဖို့ စီစဉ်နေကြောင်း သတင်းထွက်ပေါ်ခဲ့ပါတယ်။ Wall Street Journal ရဲ့သတင်း တစ်ပုဒ်မှာတော့ FTC ဟာ Facebook ရဲ့ အစီအစဉ်ဟာ ဈေးကွက်ယှဉ်ပြိုင်မှု မူဝါဒ ချိုးဖောက်ရာ ရောက်မရောက်ကို စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။

image

Photo: BGR


တကယ်လို့ Facebook က ပိုင်ဆိုင်ထားတဲ့ ဒီ chat apps သုံးခု ပူးပေါင်းမယ်ဆိုရင် WhatsApp သုံးပြီး Instagram ပေါ်က လူတွေကို စကားပြောနိုင်မှာပါ။ ဒီအတွက် ကိုယ်နဲ့ ဆက်သွယ်မယ့် Instagram ပေါ်က သူငယ်ချင်းတွေအနေနဲ့ WhatsApp သုံးစရာ လိုမှာ မဟုတ်ပါဘူး။ အလားတူပဲ Messenger မှာ အကောင့်ဖွင့်ထားသူ တစ်ယောက်ဟာ WhatsApp အကောင့်ရှိသူနဲ့တိုက်ရိုက်ချိတ်ဆက်ပြီး စကားပြောနိုင်မှာလည်း ဖြစ်ပါတယ်။

ကုမ္ပဏီပိုင် app သုံးခုစလုံးကို တစ်ခုတည်းအဖြစ် ပေါင်းစည်းပြီးနောက် Facebook ကို ထိန်းချုပ်ဖို့ ပိုခက်မှာကို FTC အနေနဲ့ စိုးရိမ်နေတာပါ။ Facebook ပလက်ဖောင်းပေါ်က features တွေကို third-party access အနေနဲ့ ဘယ်လိုထိန်းချုပ်သွားမလဲဆိုတဲ့ အချက်ကိုပါ FTC ဘက်က စိုးရိမ်မှု ရှိနေတယ်လို့ ဆိုပါတယ်။ လက်ရှိအထိတော့ FTC ဘက်က တရားဝင်ကြေညာချက် မထုတ်ပြန်သေးပါဘူး။

Photo: tellerreport


FTC အနေနဲ့လည်း Facebook apps တွေကို တစ်သီးတစ်ခြားစီ ခွဲထားရေး အမိန့်ရဖို့ ခက်နိုင်ပါတယ်။ ဒီလို အမိန့်ရဖို့အတွက် Facebook ဟာ ဈေးကွက်လက်ဝါးကြီးအုပ်တာလိုမျိုး ပြိုင်ဆိုင်မှုဥပဒေတွေကို ချိုးဖောက်ကြောင်း တရားရုံးမှာ သက်သေပြဖို့ လိုသလို FTC ကော်မရှင်နာအများစုဆီကလည်း Facebook ပိုင် social apps တွေကို သက်သက်စီ လုပ်ဆောင်ဖို့ အတည်ပြုတဲ့ မဲပေးမှု လိုအပ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က အထိ အချက်အလက်တွေအရ Facebook ဟာ ကမ္ဘာ့လူမှုကွန်ရက်ဈေးကွက်တစ်ခုလုံးရဲ့ ၆၆ ရာခိုင်နှုန်းဝန်းကျင် ပိုင်ဆိုင်ထားပြီး Pinterest နဲ့ Twitter တို့က ၁၁ ရာခိုင်နှုန်းစီ ရှိထားပါတယ်။ ၂၀၁၈ ခုနှစ်အတွင်းမှာ Facebook ဟာ အသားတင် အမြတ်ငွေ ဒေါ်လာ ၂၂.၁ ဘီလျံ ရခဲ့တယ်လို့ ဆိုပါတယ်။

Share

Loading Next Article...
က္က