ကိုဗစ်-၁၉ ရောဂါ အခြေအနေအရ ဖူးမျှော်ခွင့် ပိတ်ထားတဲ့ ရွှေတိဂုံဘုရား ပြန်လည်ဖွင့်လှစ်မယ့်ရက်ကို မသိရသေးပေမယ့် ဖွင့်လှစ်ချိန်မှာတော့အားလုံး အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားပြီးဖြစ်ကြောင်းနဲ့ အစိုးရကနေ ဘုရားကို ဖွင့်လှစ်ရန် ညွှန်ကြားတာနဲ့ ဖွင့်နိုင်အောင် ကျန်းမာရေး စစ်ဆေးမှုဆိုင်ရာ ကိစ္စရပ်တွေကို လုပ်ဆောင်ထားတယ်လို့သိရပါတယ်။
" ဂေါပကအဖွဲ့တွေကတော့ လူစည်စည်ကားကားနဲ့ ဝတ်ပြု ကိုးကွယ်နေကြတာကို တွေ့ချင်တာပေါ့။ဒါပေမယ့်လည်းဒီကနေ့ ဖြစ်ပေါ်နေတဲ့ရောဂါ အခြေအနေအရ လူပေါင်း ၁၀၀ ကနေ ၁၀၀၀ ဖြစ်သွားနိုင်တော့ ရောဂါဖြန့်ဝေရေးဌာနကြိးလည်း အဖြစ်မခံနိုင်ဘူး၊ဒါကြောင့်နိုင်ငံတော်အစိုးရက ဒီလိုအချိန်မှာသင့်တော်ပါတယ်ဆိုတဲ့ ညွှန်ကြားချက်ထွက်လာရင်တော့ ဂေါပကအဖွဲ့တွေကချက်ချင်းရှိတယ်၊နေ့တိုင်းရုံးတက်တယ်။ အခုလည်း ဖွင့်ဖို့ကတော့ ပြင်ဆင်ပြီးပါပြီ။ဘုရားဆိုတာတစ်ချိန်ဖွင့်မှာပဲ ။ ဒီနေ့ပဲ ၁၇ ယောက်ထပ်တွေ့တယ်ပေါ့ပေါ့တွေးလို့မရဘူး။နိုင်ငံတော်အစိုးရ ညွှန်ကြားချက် အမိန့်တွေကိုစောင့်နေတယ်။"လို့ ဂေါပကအဖွဲ့ဝင် ဒေါက်တာရဲအောင်ကပြောပါတယ်။ ဘုရားပြန်လည်ဖွင့်လှစ်ပါက ဘုရားဖူးဧည့်သည်တွေကနေ ကိုဗစ်-၁၉ ရောဂါပါမလာအောင်နဲ့ ရောဂါမပြန့်ပွားရေးကို အထူးဆောင်ရွက်မည်ဖြစ်ကြောင်း၊ စမ်းသပ်နိုင်မယ့် စက်တွေလည်းတပ်ဆင်ထားပြီးဖြစ်တယ်လို့ဆိုပါတယ်။
လူတွေကို ဆေးဖြန်းခြင်း လုပ်မလုပ်ကိုတော့ အစိုးရညွှန်ကြားချက်ကို နားထောင်နေကြောင်း၊ လက်ရှိညွှန်ကြားချက်အရ လူကိုဆေးဖြန်းပါက ထိခိုက်မှုရှိနိုင်တယ်ဆိုတာကြောင့် ဆေးဖြန်းစက် ကိရိယာဝယ်ယူမှုအတွက် အစိူးရညွှန်ကြားချက်နားထောင်နေတယ်လို့သိရပါတယ်။ ယခုဘုရားကို ယာယီပိတ်ထားချိန်တွင် ၃ ရက်တစ်ကြိမ် ဆပ်ပြာရည်ဖြင့် သန့်ရှင်းရေးလုပ်ခြင်း ၊တစ်ပတ်တစ်ကြိမ် ပိုးသတ်ဆေးဖြန်းခြင်းအားဆောင်ရွက်နေပါတယ်။
ရွှေတိဂုံဘုရားကို ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်ကစတင်ပြီး အချိန်အကန့်အသတ်နဲ့ မနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ဖွင့်လှစ်ခဲ့ပြီး ၊မတ်လ ၃၁ ရက်မှာ အချိန်ပိုတိုးကန့်သတ်မှုအဖြစ် မနက် ၁၀ နာရီမှ ၃ နာရီသို့ပြောင်းလဲခဲ့ပါတယ် ။ဘုရားဖူးခွင့် ယာယီပိတ်ထားမှုကိုတော့ ဧပြီလ ၉ ရက်နေ့ကတည်းက ယနေ့အထိ ဆောင်ရွက်ထားဆဲဖြစ်ပါတယ်။
အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့တဲ့သတင်းဖြစ်ပါတယ်။