Wikileaks ဝက်ဘ်ဆိုက်တည်တောင်သူ ဂျူလီယန်အက်ဆန်းကို အာမခံပေးထားမှုအပေါ် ဖောက်ဖျက်မှုဖြင့် ထောင်ဒဏ် ရက်သတ္တပတ် ၅၀ ချမှတ်လိုက်ပါတယ်။
(မေ ၁ ရက်နေ့က တရားရုံးကိုရောက်ရှိလာသည့် ဂျူလီယန်အက်ဆန်း) (Photo: CNN)
အသက် ၄၇ နှစ်အရွယ် ဂျူလီယန်အက်ဆန်းကို ဧပြီ ၁၁ ရက်နေ့က လန်ဒန်မြို့ရှိ အီကွေဒေါသံရုံးမှာ ဖမ်းဆီးခဲ့ပြီးနောက် လွန်ခဲ့တဲ့ ခုနစ်နှစ်အကြာ ၂၀၁၂ ခုနှစ်မှာ တရားရုံးသို့လာရောက်ရန် ပျက်ကွက်ခဲ့ပြီး အာမခံဥပဒေ (Bail Act) ဖောက်ဖျက်ကျူးလွန်မှုအတွက် အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။
ဂျူလီယန်အက်ဆန်းဟာ လိင်ပိုင်းဆိုင်ရာ စော်ကားတိုက်ခိုက်မှုအတွက် ၎င်းကို ဆွီဒင်သို့ လွှဲပြောင်းပေးခြင်းမပြုနိုင်ရန် လန်ဒန်မြို့ရှိ အီကွေဒေါသံရုံးမှာ ၂၀၁၂ ခုနှစ်ကတည်းက ဝင်ရောက်ခိုလှုံခဲ့ပါတယ်။ ဧပြီ ၁၁ ရက်နေ့က အဖမ်းမခံရမီမှာ အီကွေဒေါအစိုးရက ဂျူလီယန်အက်ဆန်းကို နိုင်ငံရေးခိုလှုံခွင့်ပေးထားမှု ပြန်ရုပ်သိမ်းလိုက်ကြောင်း သိရပါတယ်။
(Southwark Crown တရားရုံးရှေ့မှ မီဒီယာများကို တွေ့ရစဉ်) (Photo: BBC)
ဂျူလီယန်အက်ဆန်းက ဗြိတိန်တရားရုံးကို ပေးအပ်ခဲ့တဲ့စာထဲမှာ ၎င်းအနေနဲ့ ခက်ခဲတဲ့အခြေအနေတွေနဲ့ ရုန်းကန်နေရတယ်လို့ ပြောထားပါတယ်။ ဒါ့အပြင် ၎င်းတို့ကို မလေးမစားပြုမူခဲ့ကြောင်း ထင်မြင်နေသူတွေကိုလည်း ဂျူလီယန်အက်ဆန်းက တောင်းပန်ခဲ့ကြောင်း လန်ဒန်မြို့ရှိ Southwark Crown တရားရုံးထံပေးစာမှာ ရေးထားတယ်လို့ BBC က ပြောပါတယ်။
"အဲဒီအချိန်တုန်းက အကောင်းဆုံးဖြစ်တယ်လို့ ထင်ခဲ့မိတာ ဒါမှမဟုတ် ကျွန်တော် လုပ်နိုင်တာကို လုပ်ခဲ့တာပါ" လို့လည်း ဂျူလီယန်အက်ဆန်းက ပြောခဲ့ပါတယ်။ ဂျူလီယန်အက်ဆန်းနဲ့ ၎င်းရဲ့ရှေ့နေတွက ၎င်းကို အမေရိကန်သို့ လွှဲပြောင်းပေးမယ့်အရေးကို စိုးရိမ်နေကြကြောင်းလည်း သိရပါတယ်။
(ဧပြီ ၁၁ ရက်နေ့က ဂျူလီယန်အက်ဆန်းကို ဖမ်းဆီးခဲ့စဉ်) (Photo: CNN)
Wikileaks ဝက်ဘ်ဆိုက်က အမေရိကန် သံတမန်ရေးရာ လျှို့ဝှက်ဆက်သွယ်မှု အမြောက်အမြားကို ဖွင့်ချပေါက်ကြားစေခဲ့မှုကြောင့် အမေရိကန်အစိုးရက ဒေါသတကြီးဖြစ်နေခဲ့ပါတယ်။ ၂၀၁၀ နှစ်အတွင်း အမေရိကန်ရဲ့ စစ်ဘက်နဲ့ သံတမန်ရေးဆိုင်ရာ စာရွက်စာတမ်း အမြောက်အမြား ပေါက်ကြားခဲ့မှုဖြင့် အမေရိကန်အစိုးရက ၎င်းကို တရားစွဲဆိုထားပါတယ်။
ထိုသို့ တရားစွဲဆိုမှုအရ ဂျူလီယန်အက်ဆန်းဟာ ငါးနှစ်အထိ ထောင်ဒဏ်ကျခံရနိုင်ပါတယ်။ အစိုးရအဖွဲ့အစည်းတွေရဲ့ ထိပ်တန်းလျှို့ဝှက်ချက်တွေကို ဖွင့်ချလေ့ရှိတဲ့ Wikileaks ဝက်ဘ်ဆိုက်ကို ဂျူလီယန်အက်ဆန်းက ပူးတွဲတည်ထောင်ခဲ့ပြီး ၂၀၁၂ ခုနှစ် အောက်တိုဘာ ၄ ရက်မှာ စတင်လွှင့်တင်ခဲ့ပါတယ်။