• Featured

    Winner ဆုကို ထိုက်တန်တဲ့လူတစ်ယောက်တော့ရမှာပါဆိုတဲ့ Esther

သူမကတော့ ချင်းတိုင်းရင်းသူလေးဖြစ်ပါတယ်။

ချင်းတိုင်းရင်းသူလေး Esther ကတော့ Myanmar Idol(Season-4) သီချင်းဆို ပြိုင်ပွဲနဲ့ ပတ်သက်ပြီး သူမရဲ့ ရည်ရွယ်ချက်တွေကို ပြောပြလာပါတယ်။ ပရိသတ်အားပေးမှုနဲ့ ပိုကြိုးစားမယ်လို့ ဆိုပါတယ်။

image

Myanmar Idol(Season-4) ရဲ့ Top-11 မှာပါဝင်နေသူကတော့ Esther ပဲဖြစ်ပါတယ်။ သူမဟာ Myanmar Idol ပြိုင်ပွဲစပြိုင်တုန်းက တခြားအဆိုပြိုင်ပွဲဝင်တွေလို အားပေးမယ့် မိဘတွေ မပါတဲ့အခါမှာ အရမ်းကို အားငယ်ခဲ့ရတယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’စပြီးတော့ ရွေးချယ်ပွဲတုန်းကဆိုရင် တကယ်ရင်ခုန်ခဲ့တယ်။ လာတဲ့ သူတွေမှာလည်း သူငယ်ချင်းတွေပါတဲ့သူတွေရှိတယ်။ မိဘ တွေပါတဲ့သူတွေရှိတယ်။ ကိုယ်ကကျတော့ မောင်လေးတစ်ယောက်တည်းပါတော့ နည်းနည်းအားငယ်တယ်။ အဲဒီအချိန်မှာ မိဘကို အရမ်းသတိရတယ်။ အဲဒီမှာ ဆရာအောင်ကိုလတ်က စိတ်မကောင်းပါဘူးပြောတော့ ငိုချလိုက်တာပေါ့နော်။ အငိုမင်းသမီးလို့ ပြောရင်မကြိုက်ဘူး။ အပြုံးမင်းသမီးလို့ပြောရင်တော့ ပိုကြိုက်တယ်’’လို့ ဆိုပါတယ်။

Photo: Esther

Myanmar idol (Season-4) မှာတော့ Winner ကို ပေးအပ်မယ့် ဆုတွေက ပိုတိုးလာတာကို တွေ့ရပါတယ်။ ဆုကြေးငွေအပြင် အိပ်ခန်း ၂ ခန်းပါ တိုက်ခန်းတစ်ခန်းကိုပါ ရရှိမှာဖြစ်တယ်လို့သိရပါတယ်။ ဒီလို ဆုတွေ ထပ်တိုးလိုက်တဲ့အပေါ် Esther ရဲ့ ခံစားချက်ကို ဖွင့်ပြောပြလာပါတယ်။

‘’ ဆု အနေနဲ့ အိမ်လည်းပါတယ်ဆိုတော့ လိုချင်တာပေါ့။ ညီမတို့ဆိုရင် ရန်ကုန်မှာ အိမ်မရှိဘူးလေ။ ကျောင်းတက်တဲ့ အခါမှာ အဆောင်ပဲ ငှားနေရတာဆိုတော့ အိမ်တော့ လိုချင်တာပေါ့။ ဒါပေမယ့် Winner က ကျတော့ ဘုရားလက်ထဲမှာရှိတယ်။ ဒီမောင်နှမ ၁၁ ယောက်စလုံးကလည်း အကုန်လုံး တော်ကြတယ်ဆိုတော့ ထိုက်တန်တဲ့ လူတစ်ယောက်ကတော့ ရသွားမှာပါ’’ လို့ သူက ဆိုပါတယ်။

Photo: Esther

Esther ဟာ သီချင်းဆိုပြိုင်ပွဲ ဝင်တစ်ယောက်ဖြစ်ပေမယ့် Winner တစ်ယောက်ဖြစ်ဖို့ ပရိသတ်အားပေးမှုနဲ့ ကြိုးစားသွားမယ် ဆိုပြီးတော့ အောက်တိုဘာလ ၂၆ ရက်နေ့က Myanmar idol (Season-4) စာနယ်ဇင်း မိတ်ဆက်ပွဲမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

‘’ Winner တစ်ယောက်ဖြစ်ဖို့ဆိုတာထက် အခုလို မီဒီယာတွေနဲ့ တွေ့ဆုံရတာ ညီမ အရမ်းကျေနပ်နေပါပြီ။ အရမ်းလည်း ကျေးဇူးတင်တယ်။ မကြိုးစားဘူးလို့ပြောတာလည်း မဟုတ်ဘူး။ ကြိုးစားမယ်၊ မီဒီယာတွေကနေတဆင့် Public တွေနဲ့ ထိတွေ့ရတာဖြစ်တဲ့အတွက် အကောင်းဆုံး ကြိုးစားသွားမယ်။ ပရိသတ် အားပေးမှုကလည်း ကိုယ့်စိတ်ထဲမှာ ဒီ့ထက်ပို ကြိုးစားရမယ် ဆိုတဲ့ စိတ်လေးတော့ ဖြစ်မိပါတယ်’’ လို့ သူကဆိုပါတယ်။

photo: Esther

Esther ရဲ့ Myanmar Idol (Season-4) Voting No. 77708 ဖြစ်ပါတယ်။ သူမ ဟာ ချင်းလူမျိုးတစ်ယောက်ဖြစ်ပါတယ်။ သူမ ဝါသနာပါတဲ့ သီချင်းတွေကိုတော့ Myanmar idol ပြိုင်ပွဲ မဝင်ခင်ကတည်းက သီဆိုနေတာ တွေ့ရပါတယ်။ Myanmar idol (Season-4) သီချင်းဆို ပြိုင်ပွဲမှာတော့ Esther နဲ့ အတူ အေးမြဖြူ ၊ဘင်ဂျမင်၊ ယော်ကီး၊ ခြူးစစ်ဟန်၊ စောခရစ်မူးလာ၊ နော်စေးစေးထူး၊ နှင်းအိအိဝင်း၊ ထက်အဉ္စလီ၊ တန်ခွန်ကျော်နဲ့ စေနလင်းကျော် တို့ကလည်း ပါဝင်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Duwun on Youtube
>
Loading Next Article...
က္က