ဗီယက်နမ်မှာ သေစေနိုင်လောက်အောင် ပြင်းထန်တဲ့ အာဖရိကဝက်တုပ်ကွေး ကူးစက်ဖြစ်ပွားနေမှုကို ထိန်းချုပ်ဟန့်တားနိုင်ရန် ဝက်ကောင်ရေ ၂ သန်းကို သုတ်သင်ခဲ့ကြောင်း အာဏာပိုင်တွေက ယနေ့ (မေ ၃၁ ရက်) ပြောပါတယ်။
(Photo: Reuters)
ဝက်တုပ်ကွေး လျင်မြန်စွာ ကူးစက်ဖြစ်ပွားနေမှုကို တိုက်ဖျက်ရန်အတွက် တစ်နိုင်ငံလုံးက ပါဝင်ကြရန်လည်း ဗီယက်နမ်အစိုးရက နှိုးဆော်ခဲ့ကြောင်းသိရပါတယ်။ ဗီယက်နမ်ရဲ့ နေရာဒေသ ၆၃ ခုအနက် ၄၈ ခုမှာ ဝက်တုပ်ကွေးဗိုင်းရပ်စ် ပျံ့နှံ့နေကြောင်း စိုက်ပျိုးရေးဝန်ကြီး Nguyen Xuan Cuong က လွှတ်တော်အစည်းအဝေးမှာ ပြောခဲ့ပါတယ်။
ဗီယက်နမ်မှာ ဝက်တွေကိုသုတ်သင်မှုဟာ အကောင်ရေ ၁.၇ သန်းမှ တစ်ပတ်မပြည့်မီအတွင်း ၂ သန်းအထိ ဖြစ်လာခဲ့တာလည်း ဖြစ်ပါတယ်။ လူဦးရေ ၉၅ သန်းရှိတဲ့ ဗီယက်နမ်မှာ အသားစားသုံးမှုရဲ့ လေးပုံသုံးပုံဟာ ဝက်သားစားသုံးမှုဖြစ်တယ်လို့ သိရပါတယ်။ အသားတိုးဝက် မွေးမြူရေးခြံများမှ ဝက်ကောင်ရေ သန်း ၃၀ အနက် အများစုကို ဗီယက်နမ်ပြည်တွင်းမှာ စားသုံးကြတာဖြစ်ပါတယ်။
(Photo: ABC)
"ဒီဟာက အလွန်အန္တရာယ်များတဲ့ ရောဂါတစ်ခုပါ၊ ကျွန်တော်တို့ အလေးထား တိုက်ဖျက်ရမှာဖြစ်ပါတယ်၊ ဒီလို တိုက်ဖျက်ရာမှာ နိုင်ငံရေးအသိုင်းအဝိုင်း တစ်ခုလုံး ပါဝင်ရမှာပါ" လို့ စိုက်ပျိုးရေးဝန်ကြီးက ပြောပါတယ်။ ပြည်တွင်းစားသုံးသူတွေ အနေနဲ့လည်း ဝက်သားမစားကြသေးရန်နဲ့ သက်ဆိုင်ရာလုပ်ငန်းတွေကိုလည်း ဒုတိယ ခြောက်လအတွင်း ဝက်သားပြတ်လပ်မှုကို ကြိုတင်မျှော်မှန်းပြီး လိုအပ်တဲ့ သိုလှောင်မှုတွေ လုပ်ဆောင်ကြရန် Nguyen Xuan Cuong က တိုက်တွန်းခဲ့ပါတယ်။
"ဒီအချိန်မှာ ဝက်မွေးမြူတာကို မတိုးချဲ့သင့်ပါဘူး၊ အဲဒီအစား ကျွဲ၊ နွား၊ ကြက်၊ ဘဲနဲ့ စိုက်ပျိုးထုတ်ကုန်တွေကို အဓိကထား မွေးမြူစိုက်ပျိုးသင့်ပါတယ်" လို့လည်း ဝန်ကြီးက အကြံပြုခဲ့ပါတယ်။ ဗီယက်နမ်ရဲ့ ဝက်သားဈေးကွက်ဟာ ဒေါင်ငွေ ၉၄ ထရီလီယံ (အမေရိကန်ဒေါ်လာ ၄ ဘီလီယံ) တန်ဖိုးရှိပြီး နိုင်ငံစိုက်ပျိုးရေးကဏ္ဍရဲ့ ၁၀ ရာခိုင်နှုန်းနီးပါးလည်း ဖြစ်ပါတယ်။
(Photo: VietnamNet)
ဝက်တုပ်ကွေးဗိုင်းရပ်စ်ဟာ ပတ်ဝန်းကျင်မှာ အချိန်ကာလကြာရှည်စွာ ငုပ်လျှိုးနေနိုင်တာကြောင့် ဗီယက်နမ်ရဲ့ ကျန်ရှိတဲ့နေရာဒေသတွေကိုလည်း ပျံ့နှံ့သွားနိုင်တဲ့ ခြိမ်းခြောက်မှုရှိနေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဝက်တုပ်ကွေးဗိုင်းရပ်စ်ဟာ ရှုပ်ထွေးပြီး မတူညီတဲ့ နည်းလမ်းတွေမှတစ်ဆင့် ပျံ့နှံ့နိုင်ကြောင်း စိုက်ပျိုးရေးဝန်ကြီးက ပြောခဲ့ပါတယ်။ ဗီယက်နမ်မှာ ဝက်တုပ်ကွေးဖြစ်ပွားမှု တိုက်ဖျက်ရေး ပါဝင်ကူညီရန် စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေကို စေလွှတ်သွားမယ်လို့ ယခုလအစောပိုင်းမှာ ဗီယက်နမ်အာဏာပိုင်တွေက ပြောခဲ့ပါတယ်။
အာရှဒေသတွင်း ပထမဆုံးအကြိမ် ဝက်တုပ်ကွေးဖြစ်ပွားမှုကို ယမန်နှစ် သြဂုတ်လအတွင်း တရုတ်နိုင်ငံမှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ ကမ္ဘာ့ဝက်သားထုတ်လုပ်မှု အများဆုံးနိုင်ငံလည်းဖြစ်ပြီး ဝက်တုပ်ကွေးကြောင့် ဝက်ကောင်ရေ သန်း ၂၀၀ အထိ သေဆုံးခဲ့ သို့မဟုတ် သုတ်သင်ရှင်းလင်းပစ်ခဲ့ရကြောင်း သိရပါတယ်။
(Photo: Bloomberg)
ကုလသမဂ္ဂ အစားအစာနဲ့စိုက်ပျိုးရေး အဖွဲ့အစည်း (Food and Agriculture Organization - FAO) က ဗီယက်နမ်မှာ ဝက်တုပ်ကွေးဖြစ်ပွားနေမှုနဲ့ ပတ်သက်ပြီး နိုင်ငံလုံးဆိုင်ရာ အရေးပေါ် အခြေအနေ ထုတ်ပြန်ကြေညာရန် မတ်လအတွင်း အကြံပြုခဲ့ကြောင်း သိရပါတယ်။ တရုတ်နဲ့နယ်စပ်အနီး မြောက်ကိုရီးယားနိုင်ငံမှာလည်း ဝက်တုပ်ကွေးဖြစ်ပွားမှု တွေ့ရှိရကြောင်း တောင်ကိုရီးယားနိုင်ငံက ပြောခဲ့တယ်လို့ Reuters သတင်းဌာနက ဖော်ပြပါတယ်။