ရွှေပြည်သာမြို့နယ်၊သာဓုကန်စက်မှုဇုန်ထဲက WORlD JIN အထည်ချုပ်စက်ရုံပိုင်ရှင်ဟာ အလုပ်သမားတွေကို လုပ်ခလစာမပေးဘဲ ထွက်ပြေးတိမ်းရှောင်သွားကြောင်း စက်ရုံအလုပ်သမားခေါင်းဆောင်ဖြစ်သူ မနှင်းနွယ်ဦးက ပြောပါတယ်။
ဒီကနေ့ မေလ ၅ ရက်နေ့ လစာထုတ်ရက်မှာ လစာထုတ်ပေးခြင်းမရှိတာကြောင့် အလုပ်သမားညွှန်ကြားမှုဦးစီးဌာနကို ဆက်သွယ်အကြောင်းရာမှာ စက်ရုံပိုင်ရှင် ကိုရီးယား နိုင်ငံသား အမျိုးသမီး မြန်မာနိုင်ငံထဲမှာမရှိတော့ကြောင်းကိုသိရှိခဲ့ရတာဖြစ်ပါတယ်။
ဓာတ်ပုံ - နိုင်ဌေးလွင်
" အလုပ်သမားတွေ အခက်အခဲရှိတယ် ညနေပြန်ရင် အဆောင်လခ စျေးဖိုး ပေးရတော့မယ်။ညနေပြန်ဖို့ အခက်တွေ့နေရတယ်။စာတင်ဖို့လုပ်နေတယ်။ရောင်ခြည်ဦးအဖွဲ့ကိုအကူအညီတောင်းထားတယ်။စိုးရိမ်မှုတွေတော့ရှိနေပြီ။ အရင်ကလည်း လစာထုတ်တိုင်းပြဿနာတက်တယ်။ဒါကြောင့် ဒဏ်မခံနိုင်လို့ အလုပ်သမားတွေ ထွက်သွားတာရှိတယ်။စက်ရုံပိုင်ရှင်က ကိုရီးယားနိုင်ငံသားပိုင်ပါ။"လို့ မနှင်းနွယ်ဦးကပြောပါတယ်။
လက်ရှိမှာ ရွှေပြည်သာမြို့နယ် အလုပ်သမားညွှန်ကြားမှုဦးစီးဌာနက အ.လ.ရ ကိုတရားဝင်စာတင်ဖို့ပြောဆိုပြီး ၊စက်ရုံရှေ့လူစုလူဝေးမလုပ်ဖို့ပြောဆိုထားတာကြောင့် အလုပ်သမားအများစု နေရပ်ကိုပြန်သွားပြီး ကျန်ခေါင်းဆောင်ပိုင်းတချို့ကတော့ ရောင်ခြည်ဦးအလုပ်သမားရေးရာအဖွဲ့နှင့်အတူ အ.လ.ရ ကိုစာတင်ဖို့ လုပ်ဆောင်နေပါတယ်။
ဓာတ်ပုံ - နိုင်ဌေးလွင်
" မြို့နယ်က အလုပ်သမားညွှန်မှုဦးစီးဌာနက လာတယ်။သူတို့က ကလေးတွေပြန်စေချင်တယ်။ ဒီနေ့စာတင်ပါ။အ.လ.ရ ကို တင်ပေးရမယ်ပြောတယ်။တင်ပေးပြီး ဆွေးနွေးပြီးမှ စက်ရုံကိုချိတ်ပိတ်သင့်ပိတ်မယ်ပြောတယ်။ခုလိုထွက်ပြေးမှုမဖြစ်ခင် အလုပ်ရှင်ထွက်ပြေးမယ့်ပုံစံဖြစ်နေလို့ သက်ဆိုင်ရာဌာနတွေကိုအကြောင်းကြားတယ်။ဒါပေမယ့်သူတို့ကဒီကာလမှာ ပြည်ပကိုထွက်လို့လည်းမရဘူးပြောတယ်၊မစိုးရိမ်ပါနဲ့ ဒီကိစ္စတွေလုပ်လို့မရပါဘူးပြောတယ်။ခုကျ ကိုရီးယားပြန်ရောက်နေပြီပြောတယ်။သူတို့မှာတာဝန်ယူမှုရှိရမယ်" လို့ ရောင်ခြည်ဦးအလုပ်သမားရေးရာအဖွဲ့ ဥပဒေရေးရာအထောက်အကူပြုဌာနက ကိုနိုင်ဌေးလွင်က ပြောပါတယ်။
WORlD JIN အထည်ချုပ်စက်ရုံဟာ လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်ထဲက စတင်လည်ပတ်နေတာဖြစ်ပြီး အရင်က အလုပ်သမား ၅ဝဝလောက်ရှိပေမယ့် လက်ရှိမှာတော့ အလုပ်သမား ၃၀၀ ကျော်သာရှိပါတယ်။အလုပ်သမားတွေထဲမှာ စက်ရုံစတင်လည်ပတ်ကတည်းက လုပ်ကိုင်ခဲ့သူတွေလည်းရှိပါတယ်။