တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း Xi'an မြို့မှာ ကပ်ရောဂါကူးစက်ဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး ဒါဇင်နဲ့ချီတဲ့ အစိုးရအရာရှိတွေကို အပြစ်ပေး အရေးယူလိုက်ကြောင်း စည်းကမ်းထိန်းသိမ်းစစ်ဆေးရေး ဗဟိုကော်မရှင်က ယနေ့ (ဒီဇင်ဘာ ၂၄ ရက်) ပြောပါတယ်။
တရုတ်အစိုးရရဲ့ COVID-19 လုံးဝကင်းစင်ရေး တိကျပြတ်သားတဲ့ မူဝါဒအရ အပြစ်ပေး အရေးယူခဲ့တာလည်း ဖြစ်ပါတယ်။ ကွန်မြူနစ်ပါတီ တာဝန်ရှိသူ ၂၆ ဦးကို ရောဂါကူးစက်ဖြစ်ပွားမှု ကာကွယ်ရန်နဲ့ ထိန်းချုပ်ရန် စီမံဆောင်ရွက်ရာမှာ လုံလောက်တဲ့ တင်းကျပ်ပြင်းထန်မှု မရှိခဲ့တာကြောင့် အပြစ်ပေး အရေးယူလိုက်ကြောင်း စည်းကမ်းထိန်းသိမ်းစစ်ဆေးရေး ဗဟိုကော်မရှင်က ထုတ်ပြန်ခဲ့ပါတယ်။
တရုတ်အစိုးရ အရာရှိတွေဟာ ၎င်းတို့ရဲ့နယ်မြေအတွင်း COVID-19 ကူးစက်ဖြစ်ပွားမှုကို ထိန်းချုပ်ရန်ပျက်ကွက်ခဲ့ကြောင်း သတ်မှတ်ပါက ပုံမှန်အားဖြင့် အလုပ်ထုတ်ခံရ သို့မဟုတ် အပြစ်ဖော်ထုတ် ဆုံးမခြင်းခံရတယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံဟာ ၂၀၂၂ ခုနှစ် ဆောင်းရာသီ အိုလံပစ်အားကစားပြိုင်ပွဲတွေကို ဖေဖေါ်ဝါရီလမှာ အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပရန်ရှိနေရာ COVID-19 သတိပေးမှုတွေ တိုးမြှင့်လုပ်ဆောင်နေခဲ့ပါတယ်။
ကမ္ဘာ့လူဦးရေအများဆုံးဖြစ်တဲ့ တရုတ်နိုင်ငံဟာ COVID-19 လုံးကင်းစင်ရေး မဟာဗျူဟာအရ နယ်စပ်တွေကို ပိတ်ထားခြင်း၊ ရှည်ကြာတဲ့ ကွာရန်တင်းကာလ သတ်မှတ်ခြင်းနဲ့ နေရာအလိုက် lockdown လုပ်မှုတွေကြောင့် ကပ်ရောဂါကူးစက်မှုကို အခြားနိုင်ငံအများအပြားနဲ့ နှိုင်းယှဥ်ပါက အနည်းဆုံးအရေအတွက်သို့ လျှော့ချထားနိုင်ခဲ့ပါတယ်။
သို့သော် လတ်တလော သီတင်းပတ်များအတွင်း Xi'an မြို့မှာ ပြည်တွင်းကူးစက်မှုတွေ မြင့်တက်လာခဲ့တာ တွေ့ရပါတယ်။ ကူးစက်မှုတွေ ရာဂဏန်းအရေအတွက်အထိ ရှိလာခဲ့ပြီးနောက် အာဏာပိုင်တွေက Xi'an မြို့ကို lockdown လုပ်ထားပြီး ထိုမြို့ရှိ လူဦးရေ ၁၃ သန်းကို ဒီဇင်ဘာ ၂၃ ရက်မှစပြီး အိမ်မှာသာနေကြရန် အမိန့်ထုတ်ခဲ့ပါတယ်။
မရှိမဖြစ် ပစ္စည်းများဝယ်ယူရန် အိမ်ထောင်စုတစ်ခုမှ လူတစ်ဦးသာ နှစ်ရက်တစ်ကြိမ် အပြင်ထွက်ခွင့်ပြုထားပြီး မဖြစ်မနေ အလုပ်များ လုပ်ကိုင်သူတွေကိုသာ လုပ်ငန်းခွင်သို့သွားရန် အပြင်ထွက်ခွင့်ပြုထားပါတယ်။ Xi'an မြို့မှာ စီးပွားရေးလုပ်ငန်းများကို ပိတ်ထားစေပြီး လူအစုအပြုံလိုက်ကို COVID-19 စစ်ဆေးမှု အကြိမ်ကြိမ် လုပ်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင်ထိုမြို့မှာ ခရီးရှည်ပြေးဆွဲနေတဲ့ ဘတ်စ်ကားဝန်ဆောင်မှုတွေနဲ့ တက္ကစီများ၊ ကားအငှားလုပ်ငန်းများကိုလည်း ရပ်ဆိုင်းထားပြီး အဝေးပြေးလမ်းမထွက်ပေါက်တွေမှာ ရဲတပ်ဖွဲ့က ဂိတ်စခန်းချ စောင့်ဆိုင်းနေပါတယ်။ Xi'an မြို့ကနေ ထွက်ခွာရန်လိုအပ်သူတွေဟာ COVID-19 မရှိကြောင်း စစ်ဆေးထားတဲ့အဖြေနဲ့ အလုပ်ရှင် သို့မဟုတ် နယ်မြေဆိုင်ရာ အာဏာပိုင်တွေထံမှ ထောက်ခံချက်ရှိရန် လိုအပ်ကြောင်း သိရပါတယ်။
Xi'an မြို့မှာ ထုတ်ပြန်ထားတဲ့ lockdown သတ်မှတ်ချက်ဟာ မည်မျှကြာနိုင်ကြောင်း မသိရသေးပါဘူး။ Shaanxi ပြည်နယ်ရဲ့မြို့တော် Xi'an မြို့ဟာ တရုတ်ရဲ့ ပထမဆုံး ဧကရာဇ် Qin Shi Huang နဲ့အတူ မြှုပ်နှံထားခဲ့တဲ့ စစ်သည်ပန်းပုရုပ်တွေရှိတာကြောင့်လည်း လူသိများထင်ရှားတဲ့ မြို့ဖြစ်ပါတယ်။
Source and Photo: AFP, Reuters