ရော်နယ်ဒို အာဆင်နယ်နဲ့ပွဲမှာ အသေးစားဒဏ်ရာလေးရရှိခဲ့တယ်လို့ဆိုနေကြတာပါ။

အာဆင်နယ်ကို ၃-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ရော်နယ်ဒိုက အသင်းအတွက် (၂) ဂိုးသွင်းယူနိုင်ခဲ့ပြီး သူ့ရဲ့ နာမည်ကျော် “Siu” ဆိုတဲ့ အောင်ပွဲခံဟန်နဲ့ (၂) ကြိမ်တောင် အောင်ပွဲခံခဲ့ရတာပါ။ ပွဲပြီးခါနီး (၈၈) မိနစ်မှာတော့ ရော်နယ်ဒိုကို မာစီရယ်လ်နဲ့ လူစားလဲခဲ့ရပြီး ရော်နယ်ဒိုကလည်း အဝတ်လဲခန်းထဲကို တန်းဝင်သွားခဲ့ပါတယ်။



အဲ့ဒီလိုလူစားလဲမခံရင်ခင်မှာ ရော်နယ်ဒိုက ယူနိုက်တက် ဂိုးဧရိယာထဲကနေ အာဆင်နယ်ဂိုးဧရိယာထဲကို (၁၂) စက္ကန့်နဲ့ ဒုံးစိုင်းပြေးလွှားခဲ့ပြီး အဲ့ဒီလိုပြေးလွှားခဲ့တာကြောင့် ရော်နယ်ဒို ဒဏ်ရာရခဲ့တယ်လို့လည်း ပရိသတ်တွေက ယူဆနေတာပါ။

ယူနိုက်တက်ဟာ မနက်ဖြန်မှာ ခရစ္စတယ်ပဲလေ့စ်ကို အိမ်ကွင်းမှာ လက်ခံကစားရမှာဖြစ်ပြီး ဒီပွဲက နည်းပြ ရန်းနစ်ဂ်အတွက်လည်း ယူနိုက်တက်နည်းပြဘဝ ပထမဆုံးပွဲဖြစ်လာပါလိမ့်မယ်။ ဒီပွဲမှာ ရော်နယ်ဒိုမပါဝင်နိုင်ဘူးလို့ သတင်းတွေလည်း ထွက်ပေါ်နေတာပါ။

အခုနောက်ဆုံးသတင်းတွေကတော့ ရော်နယ်ဒိုအနေနဲ့ သူ့ရဲ့ နာမည်ကျော် အောင်ပွဲခံဟန်နဲ့ အောင်ပွဲခံပြီးတဲ့နောက်မှာ ဒူးခေါင်းမှာ ဒဏ်ရာအနည်းငယ်ရရှိခဲ့တယ်လို့ သုံးသပ်နေကြပါတယ်။ ရော်နယ်ဒိုဟာ အာဆင်နယ်နဲ့ပွဲမပြီးခင်တည်းက ကြံ့ခိုင်မှုပြန်လည်ပြည့်ဝဖို့ ပြင်ဆင်နေခဲ့ပေမယ့် မနက်ဖြန်ပွဲမှာ ပွဲထွက်ပါဝင်ဖို့အတွက်တော့ မသေချာသေးပါဘူး။

အသက် (၃၆) နှစ်အရွယ် ရော်နယ်ဒိုဟာ ကျစ်လျစ်တဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး သူ့ရဲ့ကြံ့ခိုင်မှုကလည်း ပွဲစဥ်တိုင်းမှာ ပါဝင်ကစားဖို့ အမြဲတမ်းအဆင်သင့်ဖြစ်နေတာပါ။ ရန်းနစ်ဂ်ကတော့ ရော်နယ်ဒိုကို အသင်းရဲ့ အဓိက,ကစားသမားအဖြစ် သတ်မှတ်ပြီး ကစားကွက်ကို တည်ဆောက်သွားမယ်လို့ ပြောကြားထားပါတယ်။

ယူနိုက်တက်ဟာ ဒီဇင်ဘာပွဲကျပ်ကာလကို စတင်ဖြတ်သန်းရတော့မှာဖြစ်ပြီး ဒီတလလုံးမှာ (၃) ရက် (၁) ပွဲနှုန်း ကစားရမှာဖြစ်တာကြောင့် ရော်နယ်ဒို ရာနှုန်းပြည့် ကြံ့ခိုင်မှုပြည့်ဝနေဖို့က တော်တော်လေး အရေးကြီးတယ်လို့ဆိုရမှာပါ။ 

Share

Loading Next Article...
က္က